တားမြစ် ဝေလငါး တောင်ကိုရီးယား သုတေသနပြုဖို့ ဖမ်းမယ်

  • 4 ဇူလိုင် 2012
Image caption ရေပေါ်ပျော်ဝဲ ဝေလငါး

ဂျပန် နိုင်ငံလိုဘဲ တောင်ကိုရီးယား ကလည်း သုတေသန လုပ်ဖို့ ရည်ရွယ်ချက်နဲ့ စည်းကမ်းဘောင် ထဲကနေ ဝေလငါး ဖမ်းဆီးမှု စလုပ်ချင်တယ်လို့ ပြောပါတယ်။

ပနားမား မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ဝေလငါး ညီလာခံမှာ တောင်ကိုရီးယား ကိုယ်စားလှယ်တွေက အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ကော်မတီ အနေနဲ့ စီစစ်နိုင်အောင် သူတို့လုပ်မယ့် အစီအစဉ်တွေကို တင်ပြမယ်လို့ ဆိုပါတယ်။

Minke ဝေလငါးတွေကို တောင်ကိုရီးယား ကမ်းရိုးတမ်းနားမှာ ဖမ်းဆီး ရနိုင်ပေမယ့် ဘယ်လောက်များများ ဖမ်းမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒီဝေလငါးကို စီးပွားဖြစ် ရောင်းချဖို့ ဖမ်းယူမှုတွေကို နိုင်ငံတကာ သဘောတူညီမှု အရ တားမြစ်ထားတာ ဖြစ်ပေမယ့် သုတေသန လုပ်ဖို့ ဆိုရင်တော့ ဖမ်းခွင့် ပေးခဲ့တာ ဖြစ်ပြီး အဲလို လုပ်ပြီးလို့ စားသုံးပစ်မယ် ဆိုရင်တောင် သုတေသန ရည်ရွယ်ချက်နဲ့ ဆိုရင် ဖမ်းခွင့်ရှိတာ ဖြစ်ပါတယ်။