ဂျပန် နျူကလီးယားယိုဖိတ်မှု အစီရင်ခံစာထွက်

  • 5 ဇူလိုင် 2012
ဂျပန် ဖူကူရှီးမား ပျက်စီးမှု မြင်ကွင်း ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန် ဖူကူရှီးမား ပျက်စီးမှု မြင်ကွင်း

ဖူကူရှီးမားဓါတ်ပေါင်းဖိုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထွက်လာတဲ့အခါ စကားလုံးအသုံးအနှုန်းတွေ ပြင်းထန် လိမ့်မယ်လို့မျှော်လင့် ထားကြပေမယ့် ဒီလောက်အထိ ပြောလိမ့်မယ်လို့တော့ လူအတော်များများကထင်မထားပါဘူး။ ၂၀၁၁မတ်လ တုန်းကဖြစ်ခဲ့တဲ့နျူကလီးယား ဓါတ်ပေါင်းဖို ပျက်စီးရမှုဟာလုံးဝ လူကြောင့် ဖြစ်ရတာဖြစ်ပြီး ဒီလိုမဖြစ်အောင်ကြို တင်တားဆီးဖို့ဖြစ်နိုင်သလို၊ တကယ်ဖြစ်လာတဲ့ အချိန်မှာလည်းဒီထက်ပိုပြီး ထိထိရောက်ရောက် တုန့်ပြန်နိုင်တယ်လို့ ဂျပန် ပါလီမန်အစီရင်ခံစာက ဆိုပါတယ်။

ဖူကူရှီးမား ဓါတ်ပေါင်းဖိုကိုလုပ်ငန်းလည်ပတ်တဲ့ Tepco ကုမ္ပဏီနဲ့ ဂျပန် အစိုးရတို့ရဲ့ ဒီအရေးအပေါ်တုန့်ပြန်ဆောင်ရွက်မှုမှာ ဆိုးဆိုးရွားရွား အားနည်းချက်တွေရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုအရ အထက်လူကြီးတွေကို ပြန်ပြီး မေးခွန်းမထုတ်နိုင်ခဲ့တာဟာလည်း အကြောင်းတခုလို့ဆိုပါတယ်။ ဒီအဖြစ် အပျက်နဲ့ပတ်သက်ပြီး နျူကလီးယားမတော်တဆ ဖြစ်မှုဆိုင်ရာသီးခြား လွတ်လပ်တဲ့ကော်မရှင်ကို စုံစမ်းစစ်ဆေးဖို့ တာဝန် ပေးအပ်ခဲ့ရာမှာ လူပေါင်း ၁၀၀၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကို နာရီပေါင်း ၉၀၀ ကြာအောင်ကြားနာပြီး အစီရင်ခံစာ ကိုရေးခဲ့တာပါ။

ဂျပန်အစိုးရက ဒီဓါတ်ပေါင်းဖိုမတော်တဆ ဖြစ်မှုဟာဆူနာမီရေလှိုင်းတွေ ရိုက်ခတ်တာကြောင့်လို့ပြောခဲ့ပေ မယ့် စုံစမ်းသူတွေရဲ့တွေ့ရှိချက်အရ ရေလှိုင်းမတိုင်ခင် ငလျင်လှုပ်ကတည်းက ဓါတ်ပေါင်းဖိုပျက်စီးသွားတာလို့ဆိုပါတယ်။ ခြောက်လကြာ စုံစမ်းစစ်ဆေးမှုတွေအရ ဒီပြဿနာမှာလူရဲ့အားနည်းချက်နဲ့ဂရုမစိုက်မှုတွေ၊ အစိုးရနဲ့ Tepco ကုမ္ပဏီ အကြား လက်သိပ်ထိုးဆက်ဆံ ဆောင်ရွက်မှုတွေနဲ့အဲဒီအချိန်က ဝန်ကြီးချုပ် Naoto Kan အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှု မမှန်ကန်တာတွေကြောင့် အခုလိုဓါတ်ပေါင်းဖိုဆိုးဆိုးရွားရွားပျက်စီးရတာတွေ့ရတယ်လို့ဆိုပါတယ်။

ဒါကြောင့်အနာဂတ် မှာနျူကလီးယား လုံခြုံရေးဆိုင်ရာအဖွဲ့ကို လွှတ်တော်ကအမြဲစောင့်ကြည့်ဖို့၊ အရေးပေါ်အခြေအနေကိုတုန့်ပြန်တဲ့စံနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ ကမ္ဘာ့လုံခြုံရေး အဆင့်အတန်းနဲ့ ကိုက်ညီအောင်နျူကလီးယား စွမ်းအင်ဥပဒေကို ပြုပြင်ဖို့နဲ့ နျူကလီးယား ဓါတ်ပေါင်းဖို လည်ပတ်တဲ့ တာဝန်ယူသူတွေကို စောင့်ကြည့်တဲ့စံနစ် ထူထောင်ပြီး စုံစမ်းစစ်ဆေးတဲ့ အဖွဲ့လည်းဖွဲ့စည်း ဖို့တွေကိုအစီရင်ခံစာက အကြံပြုထားပါတယ်။ ဒီဓါတ်ပေါင်းဖိုကို အခင်းဖြစ်ပြီးတဲ့နောက် ပိတ်ထားခဲ့ရာကနေပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြန်ပြီးလည်ပတ်ခဲ့တဲ့အတွက် ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှာ နောက်ထပ်ဓါတ်ပေါင်းဖိုနှစ်ခုကိုလည်း ပြန်ဖွင့်ဖို့ရှိနေတာမို့ဝန်ကြီးချုပ် Yoshihiko Noda ကဒီအတွက်ထောက်ခံကြဖို့ ဆော်သြနေပါတယ်။ အဲဒီဓါတ်ပေါင်းဖိုနှစ်ခုဟာလည်း ငလျင်ကြောပေါ်မှာတည်ရှိနေတာမို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ လုံခြုံရေးဟာ ဂျပန်အစိုးရအတွက်အများကြီးပိုပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမယ့်အရေး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ