ဆီးရီးယား ကိုဖေးမမှု ရုရှနဲ့ တရုတ် တာ၀န်ရှိ လို့ဆို

  • 6 ဇူလိုင် 2012
Clinton ဓာတ်ပုံ မူပိုင် s
Image caption ဆီးရီးယားကို ဆက် မထောက်ခံ ဖို့ ကလင်တန်က သတိပေး

ရုရှနဲ့ တရုတ် နိုင်ငံတွေဟာ ဆီးရီးယား သမ္မတ အာဆတ် အပေါ် ဖေးမခဲ့တဲ့ အတွက် ဒါကို ပြန်ပြီး ပေးဆပ် ရလိမ့်မယ်လို့ အမေ ရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပဲရစ်စ်မြို့မှာ ကျင်းပတဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ညီလာခံမှာ ပြောကြား လိုက်ပါတယ်။

"အပြောင်း အလဲ ဖြစ်ဖို့ တခုတည်းသော နည်းကတော့ တိုးတက်မှု အတွက် ရှေ့ဆက် မသွားနိုင်အောင် တားနေတဲ့ တရုတ်နဲ့ ရုရှနိုင်ငံ တွေ အနေနဲ့ အဲဒီအတွက် တန်ဖိုး ကို ပြန်ပေးဆပ် ရလိမ့်မယ် ဆိုတာကို ညီလာခံ တက်လာတဲ့ နိုင်ငံတိုင်းက ကိုယ်စားလှယ် တွေက ရှင်းရှင်း လင်းလင်း ပြောကြ ရလိမ့်မယ်" လို့ မစ္စစ် ကလင်တန်က ပြောခဲ့ ပါတယ်။

ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက် မှု တွေကို ရပ်ဖို့ ကြိုးပမ်းမှု တွေမှာ ဒီနှစ်နိုင်ငံက ပိတ်ဆို့ နေတာကို ဆက်ပြီး သီးမခံနိုင် တော့ဘူး လို့လည်း သူက ပြောပါတယ်။ ဒီညီလာခံမှာ ရုရှနဲ့ တရုတ် နိုင်ငံတို့ ကတော့ မတက် ရောက်ပါဘူး။

ညီလာခံရဲ့ နောက်ဆုံး ကြေညာချက်မှာ သမ္မတ အာဆတ်ကို ဆင်း ပေးဖို့ နောက်ထပ် တောင်းဆို ထားပြီး သူ့အစိုးရကို ပိုပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူ ဖို့နဲ့ အတိုက်အခံ ကို အကူအညီတွေ အများအပြား ထပ်တိုး ပေးဖို့ တိုက်တွန်း ထားပါတယ်။

ဒီအတောအတွင်း သမ္မတ အာဆတ်နဲ့ နီးစပ်တဲ့ မိသားစု တခုက ဗိုလ် ချုပ်ကြီး Manaf Tlass ဟာ ပြင်သစ် နိုင်ငံကို ထွက်ခွာ လာနေပြီလို့ ပြင်သစ် အစိုးရက ဆိုပါတယ်။

Image caption ဗိုလ်ချုပ်ကြီး Tlass ဟာ သမ္မတ အာဆတ်နဲ့ ပုဂ္ဂိုလ်ရေး အရ ရင်းနှီးသူဖြစ်

ဗိုလ်ချုပ်ကြီး Manaf Tlas ဟာ ဆီးရီးယား စစ်တပ် အတွင်းမှာ ရော နိုင်ငံရေး လောက မှာပါ သြဇာ ကြီးမားသူ တစ်ဦး ဖြစ်ပြီး သမ္မတ အာဆတ် အားကိုးရတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သမ္မတ အစောင့် တပ်ဖွဲ့က ဗိုလ်ချုပ်ကြီး တစ်ဦး အခုလို တပ်က နေရော၊ နိုင်ငံကနေပါ ထွက်ခွာ လာတာဟာ မစ္စတာ အာဆတ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။

သူဟာ အရင်တုန်းက ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးရဲ့ သားလည်း ဖြစ်ပြီး သမ္မတ အာဆတ် နဲ့လည်း ပုဂ္ဂိုလ်ရေး အရ ကာလ အတော်ကြာ ကတည်းက ရင်းနှီး ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီး Tlas ဟာ ဆီးရီးယား အရေး အခင်းတွေ ဖြစ်ပြီး နောက်ပိုင်း သမ္မတ အာဆတ်နဲ့ သဘောထား ကွဲလွဲမှု တွေ ရှိတယ်လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ