လစ်ဗျားနိုင်ငံ ရွေးကောက်ပွဲ

  • 7 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရွေးကောက်ပွဲ ဝင်ကြတဲ့ ကိုယ်စားလှယ်လောင်း အရေ အတွက် ၃၇၀၀ ရှိပါတယ်

လစ်ဗျားနိုင်ငံမှာ ကဒါဖီကို ဖြုတ်ချခဲ့ပြီး ကိုးလ အကြာမှာ နှစ်ငါးဆယ်နီးပါး အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲထည့် နေကြပါပြီ။

လစ်ဗျားနိုင်ငံ အတွက် ဝန်ကြီးချုပ်နဲ့ အစိုးရ ဝန်ကြီးအဖွဲ့ကို တင်မြှောက်မယ့် အထွေထွေ အမျိုးသား ကွန်ဂရက် အဖွဲ့ဝင် ၂၀၀ ကို ရွေးချယ်ဖို့ အတွက် လစ်ဗျားနိုင်ငံ အနှံ့မှာ မနက် စောစောပိုင်း ကတည်းက လူတွေ တန်းစီပြီး မဲထည့်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီဆန္ဒခံယူ ပွဲမှာ အကြမ်းဖက်မှုတွေနဲ့ နယ်မြေဒေသကို လိုက်ပြီး သဘောထား ကွဲပြားမှုတွေ အများကြီး ရှိနေပါတယ်။ ရွေးကောက်ပွဲ ဝင်ကြတဲ့ ကိုယ်စားလှယ် အရေအတွက်က ၃၇၀၀ ရှိပြီး ပါတီတွေကလည်း မနည်း မနောပါဘဲ။

လူသိအများဆုံး ပါတီကတော့ မူဆလင် ညီနောင်များ အဖွဲ့ဝင်တွေ အများစုဖြစ်တဲ့ Justice and Construction ပါတီပါ။ ရွေးကောက်ပွဲ မတိုင်ခင် တရက်မှာပဲ ဘန်ဂါဇီမြို့နားက ရဟတ်ယာဉ် တစင်းကို သေနတ် သမားတွေက ဝိုင်းတိုက်ခိုက်လို့ မဲရုံလုပ်သား တဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံ အရှေ့ပိုင်း ဒေသက လူတွေ အနေနဲ့ အမျိုးသား ကွန်ဂရက်မှာ သူတို့ ဒေသရဲ့ ကိုယ်စားပြုမှုနည်း နေမှာကို စိုးရိမ် နေကြပါတယ်။ လက်ရှိ အာဏာ ချုပ်ကိုင်ထားတဲ့ NTC အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီရဲ့ အစီအစဉ် အရ၊ ကွန်ဂရက် အဖွဲ့ဝင်နေရာ ၂၀၀ ရှိတဲ့ အနက် ရေနံ ကြွယ်ဝတဲ့ အရှေ့ဖက်ဒေသအတွက် နေရာ ၆၀ သတ်မှတ်ထားပြီး၊ နိုင်ငံ အနောက်ပိုင်း အတွက်က ၁၀၀ နဲ့ တောင်ပိုင်း အတွက် ၄၀ ဆိုပြီး သတ်မှတ် ထားတာပါ။

ဒါကိုမကျေနပ်တဲ့ အရှေ့ပိုင်းက လူတွေက ဘင်ဂါဇီမှာ ရှိတဲ့ မဲရုံတခုကို တိုက်ခိုက်ခဲ့ကြပါတယ်။ ထရီပိုလီမြို့မှာလည်း နေရာတိုင်းမှာ မဲရုံတွေ ဖွင့်နိုင်ခဲ့ သလားဆိုတာ ရှင်းရှင်း လင်းလင်း မသိရဘူးလို့ အဲဒီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ သူပုန်ဟောင်း တွေက အဲဒီဒေသက ရေနံတွင်းတွေကို ပစ်မှတ်ထားပြီး ဆန္ဒပေးပွဲ ပျက်ပြားအောင် လုပ်မယ်လို့ ခြိမ်းချောက် နေပါတယ်။

ဒီလို ပြဿနာတွေကို တစုံတရာ ငြိမ်သက် သွားအောင် ရည်ရွယ်ပြီး NTC က ဒီရွေးကောက်ပွဲဟာ အစိုးရ သစ်ဖွဲ့နိုင်ဖို့သာ ရည်ရွယ်ပြီး ဖွဲ့စည်းပုံ အသစ်ရွေးဆွဲဖို့ အတွက် လူ ၆၀ ကို သီးခြား ရွေးကောက်ပွဲ ကျင်းပပြီး တင်မြှောက် မယ်လို့ ကြေညာခဲ့ပါတယ်။

မျိုးဆက်သစ် မဲဆန္ဒရှင်တွေကတော့ ဒီရွေးကောက်ပွဲမှာ တက်တက်ကြွကြွ မဲပေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ