နေတိုးအလွန် အာဖဂန်အတွက် ၁၆ ဘီလျံ အကူအညီ

  • 8 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင်
Image caption အဂတိလိုက် စားမှုတွေကို အသေအချာ တိုက်ဖျက် ပါမယ်လို့ အာဖဂန် သမ္မတ ခါဇိုင်းက ကတိပေးခဲ့

အာဖဂန်နစ္စတန် နိုင်ငံနဲ့ ပတ်သက်တဲ့ အလှူရှင် အစည်းအဝေးမှာ အရပ်ဖက် အတွက် အကူအညီ အဖြစ် ဒေါ်လာ ၁၆ ဘီလျံ အကူအညီ ပေးဖို့ တိုကျိုမြို့မှာ ကျင်းပတဲ့ အလှူရှင် အစည်းအဝေးကို တက်ရောက် လာသူတွေက ကတိပြုခဲ့ ကြပါတယ်။

အလှူရှင် ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံ ၇၀ က ထည့်ဝင်ဖို့ ကတိပြုတဲ့ ဒေါ်လာ ၁၆ ဘီလျံ ဆိုတာဟာ ၂၀၁၄ ခုနှစ်မှာ နေတိုး မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင်တွေ ထွက်ခွာ သွားတဲ့ အခါ နိုင်ငံ တည်ငြိမ်ဖို့နဲ့ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ဖို့ အတွက် သက်သက် အသုံးပြုရအောင် လက်ရှိ တာလီဘန် သူပုန်တွေကို နှိမ်နှင်းနေတဲ့ စစ်အသုံးစား ရိတ် ၄ ဘီလျံ ကျော် အပြင် အပို ဆောင်းပြီး ပေးလိုက်တာပါ။

ဒါပေမယ့် အဂတိလိုက်စားမှုနဲ့ နာမည်ဆိုးလှတဲ့ အာဖဂန်နစ္စတန်မှာ ဒီငွေတွေ အဟောသိကံ ဖြစ်ကုန်မှာကိုတော့ အလှူရှင်တွေက စိုးရိမ်ကြပါတယ်။

အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းကတော့ အဂတိလိုက် စားမှုတွေကို သေသေချာချာ တိုက်ဖျက် ပါမယ်လို့ ဒီညီလာခံမှာ ကတိပြုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ကတိပြုယုံနဲ့ မလုံလောက်ဘဲ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ရှိရေး၊ တရားဥပေဒ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ အလုပ်အကိုင် ရရှိရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အချက်တွေနဲ့ အတူ ယှဉ်တွဲပြီး ဆောင်ရွက်ဖို့ လိုနေတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း အလားတူ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ပေးအပ်တဲ့ ရံပုံငွေတွေကို အလွဲသုံးစား မလုပ်အောင် စောင့်ကြည့် လေ့လာဖို့လည်း စီစဉ် ထားပါတယ်။

အဂတိ လိုက်စားမှုအပြင် အာဖဂန်နစ္စတန်ရဲ့ အနာဂတ် အပေါ် ခြိမ်းခြောက်မှု နောက်တခု ကတော့ နိုင်ငံ လုံခြုံရေးပါ။ လက်ရှိ အာဖဂန် လုံခြုံရေးမှာ အဓိက ပါဝင်နေတဲ့ နေတိုးတပ်ဖွဲ့တွေဟာ ၂၀၁၃ ခုနှစ်၊ နှစ်လယ်ပိုင်း ကျရင် အာဖဂန် တပ်ဖွဲ့တွေ လက်ထဲကို လုံခြုံရေး တာဝန်တွေ လုံးဝ လွှဲပြောင်းတော့မှာ ဖြစ်ပြီး တပ်တွေကို ၂၀၁၄ ခုနှစ် အကုန်မှာ ပြန်ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။

နည်းပညာနဲ့ လေ့ကျင့်ရေး ပိုင်းဆိုင်ရာ အကူညီတွေကိုတော့ ဆက်ပြီး ပေးနေဦးမှာပါ။ အမေရိကန်က ဆိုရင် အာဖဂန်ကို နေတိုး အဖွဲ့ဝင် မဟုတ်တဲ့ မဟာမိတ်နိုင်ငံ အဖြစ် မကြာသေးခင်ကပဲ အသိ အမှတ် ပြုခဲ့ ပါတယ်။

လုံခြုံရေးကို ဆောင်ရွက်နိုင်တယ်ပဲ ထားဦး၊ အာဖဂန်ကို ရေရှည် ထူထောင်ရေး အတွက် အများကြီး ဆောင်ရွက် စရာတွေ ရှိနေပါတယ်။ လောလောဆယ်မှာ ဆိုရင် အာဖဂန်နစ္စတန်ရဲ့ အမျိုးသား အသားတင် ထုတ်လုပ်မှု GDP တန်ဖိုး စုစုပေါင်းရဲ့ ၉၅ ရာနှုန်းကို ကမ္ဘာ့ဘဏ်ရဲ့ရန်ပုံငွေတွေက ရနေတာပါ။

ဒီအခြေအနေကြောင့် အာဖဂန်နစ္စတန်ကို လမ်းလွဲ မသွားအောင် ပြန်စိစစ်သုံးသပ်ဖို့ ၂၀၁၄ ခုနှစ် ကျရင် ဗြိတိန်နိုင်ငံမှာ အလှူရှင်များ အစည်းအဝေးကို နောက်တကြိမ် ကျင်းပ ဖို့ စီစဉ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ