အီဂျစ် စစ်တပ် သမ္မတကို လွှတ်တော်ကိစ္စ သတိပေး

  • 10 ဇူလိုင် 2012
murci ဓာတ်ပုံ မူပိုင် g
Image caption အီဂျစ် သမ္မတက တရားရုံး အမိန့်ချထားတဲ့ ကြားက လွှတ်တော် ပြန်ခေါ်

အီဂျစ် သမ္မတအနေနဲ့ ပါလီမန် ပြန်မစဖို့ တရား ရုံးချုပ် ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင်ဖို့ စစ်ကောင်စီ သတိပေးလိုက်ပါတယ်။

သမ္မတသစ် မိုဟာမက် မူဆီက လွှတ်တော်ကို ပြန်ဖွင့်ဖို့ ညွှန်ကြားခဲ့ပြီး နောက်မှာ စစ်တပ်ရဲ့ သတိပေးချက် ထွက်လာတာ ဖြစ်ပါတယ်။

အီဂျစ် သမ္မတဟာ တရားရုံးချုပ်ရဲ့ လွှတ်တော်ကို ပြန်မစဖို့ အမိန့်ကို လိုက်နာမှု မရှိကြောင်း စစ်တပ် ဗိုလ်ချုပ်ကြီးဟောင်း ဆာမိ ဆေ့အာလဇားက ပြောပါတယ်။

လွှတ်တော်ကို ပြီးခဲ့တဲ့လက တရားရုံး အမိန့်နဲ့ ရပ်နားထားခဲ့တာ ဖြစ်ပြီး အခု သမ္မတကို စစ်တပ်က သတိပေးလိုက်တာကို ကြည့်ခြင်းအားဖြင့် စစ်တပ်က အစွယ်ထုတ်ပြပြီး တိုက်ရိုက် စိန်ခေါ်လာတာ ဖြစ်တယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးကြပါတယ်။

တနည်းအားဖြင့် နိုင်ငံရေး အင်အားစုတွေ အချင်းချင်း မတိုက်ခိုက်ဖို့ သဘောတူညီမှုဟာလည်း ဆုံးခန်းတိုင်သွားပြီလို့ ဘီဘီစီ သတင်းထောက် ဂျွန်လိုင်းက သုံးသပ်ပါတယ်။

အီဂျစ် လွှတ်တော်မှာ မွတ်စလင် ညီအကိုတော်များ အဖွဲ့က နေရာ အများစု ရထားပြီး စစ်တပ်က လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့ အာဏာကို သူတို့ဘာသာ ပြန်အပ်နှင်းတဲ့အတွက် သူတို့ကသာ တရားဥပဒေကို လေးစား လိုက်နာမှု မရှိသူတွေ ဖြစ်တယ်လို့ မွတ်စလင် ညီအကိုတော်များ အဖွဲ့က ပြန်စွပ်စွဲပါတယ်။

လွှတ်တော် အမတ်တွေထဲက တချို့ဟာ တရားဝင် ရွေးကောက်ခံထားရသူတွေ မဟုတ်တဲ့ အတွက် လွှတ်တော်ဟာလည်း တရား မဝင်ဘူးလို့ တရားရုံးချုပ်က ပြီးခဲ့တဲ့လက အမိန့်ချခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်ကို တရားရုံးချုပ်က မဖျက်ခိုင်းတဲ့အတွက် သမ္မတဟာ တရားရုံးချုပ်ကို တိုက်ရိုက် စိန်ခေါ်ရာ ရောက်မှာတော့ မဟုတ်ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လွှတ်တော်ကို စောင့်ကြပ်နေတဲ့ လက်နက်ကိုင် အစောင့်တွေကို ပြန်ရုပ်သွားတဲ့ အတွက် သမ္မတ အနေနဲ့ လွှတ်တော် ပြန်ခေါ်ဖို့ အခြေအနေ ပေးနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ