Bush House မှ နောက်ဆုံးနှုတ်ဆက်

  • 12 ဇူလိုင် 2012
သမိုင်းဝင် Bush House အသံလွှင့်ဌာန ဓာတ်ပုံ မူပိုင် bbc
Image caption သမိုင်းဝင် Bush House အသံလွှင့်ဌာန

ဒီကနေ့ဟာဘီဘီစီကမ္ဘာတလွှား အစီအစဉ် အတွက်အိမ်ဟောင်းကို အပြီးစွန့်ပြီး အိမ်သစ်ကိုအားလုံး ပြောင်းလိုက်တဲ့ သမိုင်းဝင်နေ့ပါ။ လန်ဒန်အချိန်နေ့ခင်း ၁၂ နာရီတိတိမှာ အင်္ဂလိပ်ဘာသာနဲ့ နောက်ဆုံး ထုတ်လွှင့်မယ့် ကမ္ဘာ့သတင်း၊ ကျွန်တော်တို့အခေါ် bulletin news တွေကို နားထောင်ဖို့ အဆောက်အဦသစ်မှာ ရောက်နှင့်ပြီဖြစ်တဲ့ ကျွန်တော်တို့ သတင်းထောက်တွေ New Broadcasting House အသံလွှင့်ရုံသစ်ရဲ့ လေးထပ်မှာရှိတဲ့ စုပေါင်းဧရိယာမှာသွားပြီး စုကြပါတယ်။ အဲဒီမှာ Bush House ကနေအသံလွှင့်နေတဲ့ Studio ကိုရုပ်မြင်သံကြားက နေတိုက်ရိုက်မြင်နေရ ပါတယ်။

ကမ္ဘာ့သတင်းတွေကြေညာပြီးသွားတဲ့အချိန်မှာတော့ဘီဘီစီရဲ့ညွှန်ကြားရေးမှူးချုပ် Mark Thompson ရဲ့စကားသဝဏ် လွှာကိုခုလိုထုတ်လွှင့်ခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုနှစ်ပေါင်းများစွာနားထောင်ခဲ့ကြတဲ့သောတရှင်တွေကိုကျေးဇူးတင်ကြောင်းကျွန်တော် ပြောလိုပါတယ်။ ဘီဘီစီကမ္ဘာတလွှားအစီအစဉ်ရဲ့လန်ဒန်အခြေစိုက်ရုံးဟာပြောင်းသွားပေမယ့်သောတရှင်တွေကို အကောင်းဆုံးအစီအစဉ်တွေတင်ဆက်ပေးမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့သံနိဌာန်ကတော့အရင်ကလိုဘဲဘယ်တော့မှပြောင်း လဲမှာမဟုတ်ပါဘူး။"

ဒီတော့ ဘီဘီစီသတင်းတွေကိုဆက်ပြီးထုတ်လွှင့်သွားမှာပါ၊ ဒါပေမယ့်ဒီနေရာကတော့မဟုတ်တော့ဘူးပေါ့လို့အစီအစဉ်ကြေညာသူက ပြောအတွက် စိတ်မကောင်းတော့ဖြစ်မိကြပါတယ်။ ဗြိတိသျှ Empire Service ကနေ BBC World Service အဖြစ် ၁၉၄၀ ခုနှစ်မှာစတင်ပေါ်ပေါက်လာကတည်းကအမေရိကန်သန်းကြွယ်သူဌေးကြီး အာဗင်တီဘွတ်ရှ် တည်ဆောက်ခဲ့တဲ့ အရင်ကကုန်သွယ်ရေးအဆောက်အဦ Bush House မှာစပြီးအခြေပြုခဲ့ကြတာပါ။

အခုတော့ Bush House အဆောက်အဦကိုငှားရမ်းစာချုပ်သက်တမ်းပြည့်သွားလို့ ဂျပန်ကုမ္ပဏီတခုက လွှဲပြောင်း ယူသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ညွှန်ကြားရေးမှူးချုပ် Mark Thompson ပြောသလိုပါဘဲ။ ကျွန်တော်တို့ ဘယ်နေရာမှာဘဲ ရောက်နေနေ သောတရှင်တွေအတွက် အကောင်းဆုံးအစီအစဉ်တွေကို တင်ဆက်ပေးမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးဆိုတာကို ပြောလိုက်ပါရစေ။