အီရန် အဏုမြူ ကူသူတွေ ကန် ပိုပိတ်ဆို့

  • 13 ဇူလိုင် 2012
iran plant ဓာတ်ပုံ မူပိုင် AP

အီရန် ရဲ့ နယူး ကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းမှုကို အထောက်အကူ ပြုနေတဲ့ ကုမ္ပဏီတွေ အဖြစ် အမေရိကန် အစိုးရက သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ် တချို့ကို အမေရိကန် ဘဏ္ဍာရေး ဌာနက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး တင်းကျပ် လိုက်ပါတယ်။

အီရန် အစိုးရကို အမေရိကန်က အစောပိုင်း ကတည်းက ဒဏ်ခတ် ပိတ်ဆို့ ထားတာ ဖြစ်ပေမယ့် အီရန် အစိုးရက သင်္ဘောတွေ၊ ဘဏ်တွေကို ပုဂ္ဂလိက ကုမ္ပဏီတွေ အဖြစ် မှတ်ပုံတင်ထားပြီး နောက်ကနေ ထိန်းချုပ်တဲ့ နည်းနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကြိုးစား ရှောင်တိမ်း နေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

အီရန် အမျိုးသား ရေနံတင် သင်္ဘော ကုမ္ပဏီပိုင် သင်္ဘော ငါးဆယ့်ရှစ်စီးကို အစိုးရပိုင် အဖြစ် အမေရိကန်က သတ်မှတ်လိုက်ပြီး ဒီကုမ္ပဏီနဲ့ စီးပွားဖက် လုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ သုံးဆယ်လောက်ကို အီရန် အစိုးရ ထိန်းချုပ်မှု အောက်မှာ ရှိနေသူတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

လောလောဆယ်မှာ အမေရိကန် အစိုးရက အီရန်ကို ရေနံက ဝင်နေတဲ့ငွေ လုံးဝ ရပ်သွားအောင် ပိတ်ဆို့ပြီး နယူး ကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို အီရန်ဘက်က လေးလေးနက်နက် လုပ်ဆောင် လာအောင် ဖိအားပေး နေတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

အီရန်ကို ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ထပ်လုပ်တာ မဟုတ်ဘဲ ရှိပြီးသား ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး ထိရောက်အောင် လုပ်ဆောင် တာသာ ဖြစ်ပါတယ်။

အဲဒိအတွက် အီရန်ကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ်အောင် လက်ရှိ အမေရိကန် အစိုးရကို ဆက်နားချ နေအုံးမှာ ဖြစ်ပါတယ်။

တဘက်မှာ လက်ရှိ ကန်အစိုးရက ကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ အီရန်ကို ဖိအားပေးဖို့ လေးလေးနက်နက် လုပ်ဆောင်နေ တာကို ပြသချင်ပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ