ဆီးရီးယားအစိုးရရဲ့ အကြမ်းဖက်မှုတွေ ရပ်အောင် အနောက်အုပ်စု ကြိုးပမ်း

  • 12 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် s
Image caption ဆီးရီးယား အရေး ဘယ်လို ရှေ့ဆက်လုပ်မလဲ ဆိုတာ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တယ်လို့ ကိုဖီအာနန် ပြော

ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘရှား အယ်လ် အာဆာ့တ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေမှုတွေကို ၁၀ရက်အတွင်း နောက်ဆုံးထားပြီး ရပ်တန်းက ရပ်ဖို့နဲ့ မဟုတ်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ပြဌာန်းချက် မူကြမ်းတခုကို အနောက်အုပ်စု နိုင်ငံတွေက လိုက်လံ ဝေငှနေပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းဟာ လာမယ့် သီတင်းပတ်မှာ သက်တမ်း ကုန်ဆုံးမယ့် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမိန့်ညွန်ကြားချက်ကို အသစ်ပြဌာန်းရေး ဆုံးဖြတ်ချက် တခုရဲ့ တစိတ်တပိုင်း ဖြစ်လာမှာ ဖြစ်ပြီး စစ်ရေးနည်း အရ မဟုတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေ လုပ်ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကိုဖီအာနန်က လုံခြုံရေးကောင်စီမှာ ဆီးရီးယားပြဿနာနဲ့ ပတ်သက်လို့ သူ့ရဲ့ ဆီးရီးယား ခရီးစဉ်အကြောင်းရယ် အရေးယူ ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဂျီနီဗာမြို့ အစည်းအဝေးရဲ့ ရလဒ် အကြောင်းတွေရယ်ကို ဆွေးနွေးခဲ့ကြကြောင်းနဲ့ နောက်တဆင့် ဘာထပ်လုပ်မယ်၊ ဆီးရီးယား အစိုးရအပေါ် ဘယ်လို အရေးယူ ဆောင်ရွက်သင့်တယ် ဆိုတာတွေကိုလည်း ဆွေးနွေး ပြောဆိုခဲ့ကြကြောင်း ပြောပါတယ်။

ရုရှားနိုင်ငံကတော့ ဆီးရီးယား နိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ရေးကို အစဉ် အဆက်မပြတ် ကန့်ကွက်ပြောဆိုနေခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့အတွက် နောက်ထပ် ရက်၉၀ အချိန်ပေးဖို့ အကြံပြုထားတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ဖြန့်ဝေခဲ့ပါတယ်။

အခုလို ကွဲလွဲနေတဲ့ မူကြမ်းတွေကို ကြည့်ခြင်းအားဖြင့် ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအကြား သဘောကွဲလွဲမှုတွေ ဆက်ဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။