ဆီးရီးယား မှာလူ နှစ်ရာကျော် အသတ်ခံရ

  • 13 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် bbc
Image caption တိုက်ခိုက်သူ တွေက ရွာထဲကို ဝင်ပြီး ပစ်ခတ်ခဲ့တယ် လို့ဆို

ဆီးရီးယား နိုင်ငံ ဟာမာ ပြည်နယ် ထရန်းမ ဆက် ကနေ နောက်ဆုံးရတဲ့ သတင်းတွေ အရ အဲဒီမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အစိုးရ ဆန့်ကျင် လှုပ်ရှားသူတွေဆီက ရတဲ့ သတင်းတွေ ဓါတ်ပုံတွေ အရ သေဆုံးနေတဲ့ အမျိုးသမီး တွေ ခလေးငယ်တွေရဲ့ ပုံတွေ ထွက်လာတဲ့ အတွက် ကမ္ဘာတလွှား တုန်လှုပ် ခြောက် ခြား ကုန်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်လတုန်းက ဟောင်းလူမှာ အများအပြား သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အလားတူ ဖြစ်ရပ်တခု ထပ်မံ ဖြစ်ပွားလာနေပြီလို့ ဆိုနေကြပါတယ်။

အခုထိ အင်တာနက်မှာ တွေ့ရတဲ့ ဗီဒီယို အထောက်အထားတွေအရ ဆိုရင် ဗီဒီယို မှာ မြင်တွေ့ရတဲ့ သေဆုံးသူ ဦးရေဟာ အယောက်နှစ်ဆယ်နီးနီးရှိပါပြီ။ သူတို့ အားလုံးဟာ ငယ်ရွယ်သူတွေ ဖြစ်ကြပါတယ်။

ကြာသပတေးနေ့မှာ စုစုပေါင်း သေဆုံး သူ အရေအတွက် စုစုပေါင်းဟာ ဟာမား ပြည်နယ် ထရန်းမ ဆက်မှာ အယောက် ၂၀၀ ကျော် ရှိသွားပြီလို့ လည်း အတိုက်အခံတွေဘက်က ဆိုကြပါတယ်။

ဗီဒီယို ကလစ် တခုမှာတော့ ပေါက်ကွဲသံ သေနတ်သံတွေ ကြားရပြီး ဘုရားသခင် ကယ်တော်မူပါ။ အာဆတ်ရဲ့ တပ်တွေက ထရန်းမဆက် ရွာကို ဗုံးကြဲနေပါပြီလို့ ပြောသွားပါတယ်။

ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူတွေကလည်း အစိုးရတပ်တွေဟာ တင့်ကားတွေ၊ အမြောက်တွေ ၊ ဟယ်လီကော့ပတာတွေ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အစိုးရဘက်ကတော့ ဆီးရီးယားအရေး သံတမန်ရေးဆိုင်ရာ နိုင်ငံတကာ ဆုံးဖြတ်ချက် တခု အရေးတကြီး ချမှတ်မယ့် အချိန်မှာ အတိုက်အခံတွေဟာ သူတို့ကို ကမ္ဘာက ထောက်ခံလာအောင် လုပ်ဇာတ်တွေခင်းနေတာသာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ တယောက်ကတော့ ဘီဘီစီ အာရေဗျဌာနကို ပြောပြရာမှာ အမြောက်နဲ့ ပစ်တာတွေ စစ်လေယာဉ်နဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်တာတွေနဲ့ စတယ်လို့ ဆိုပါတာယ်။

နောက် လူတွေရှိနေတဲ့ အိမ် ၁၀၀ လောက်ကို သူတို့ ဖြိုချပစ်ကြောင်း၊ အဲဒီ အိမ်တွေထဲမှာ ဘယ်လို လက်နက်ကိုင်တွေမှ မရှိကြောင်း၊ သူတို့ဟာ သာမန် အရပ်သားတွေဖြစ်ကြောင်း၊ အစိုးရတပ်တွေက အမျိုးသမီးတွေနဲ့ ခလေးတွေကို လူသား ဒိုင်း အဖြစ် အကာအကွယ် ယူ တိုက်ခိုက်နေကြောင်း ပြောပါတယ်။

သူတို့က ဆီးရီးယားလွတ်မြောက်ရေး တပ်မတော်ဆိုတဲ့ သူပုန်အဖွဲ့ကို ကြောက်နေတာပါ။ ဒါပေမဲ့တကယ်တန်း ဒီမြို့မှာ ဆီးရီးယားလွန်မြောက်ရေး တပ်မတော်က လူတွေ မရှိပါဘူး။ သူတို့က ခလေးတွေကို ဒါးနဲ့ထိုးသတ်ပါတယ်။ ဒါတင် မကသေးဘူး။ အိပ်ပျော်နေတဲ့ ခလေးတွေကို သေနတ်နဲ့ ပစ်သတ်ပါတယ်။ မနက် ၈ နာရီထိုးတဲ့အထိ အိမ်တွေ အဆောက်အဦးတွေကို ဖြိုချ ဖျက်ဆီးခဲ့ပါတယ် လို့လည်း ပြောပါတယ်။

ဘယ်လောက်များများ သတ်ဖြတ်ခဲ့သလဲ၊ တကယ်တန်း ဖြစ်ရပ်မှန်က ဘာလဲ၊ ဘယ်သူတွေက ဒီလို သတ်ဖြတ်မှုတွေလုပ်ခဲ့သလဲ ဆိုတာ မရှင်းလင်းပေမဲ့ ဒီဖြစ်ရပ်ဟာ နိုင်ငံရေး အရ ကြီးကြီးမားမား ရိုက်ခတ်သက်ရောက်မှု ရှိခဲ့တာကတော့ အသေအချာဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားကတော့ အနောက်နိုင်ငံ ပိတ်ဆို့ အရေးယူမှုတွေလုပ်မယ်ဆိုရင် ဗီတိုအာဏာ သုံးမယ်လို့ ဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ