ဟီလာရီ ကလင်တန် အီဂျစ်ရောက်ရှိ

  • 15 ဇူလိုင် 2012
clinton_mursi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဟီလာရီ ကလင်တန်နဲ့ မိုဟာမက် မော်ဆီ တို့တွေ့ဆုံစဉ်

အီဂျစ် နိုင်ငံကို ရောက်ရှိ နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အီဂျစ် နိုင်ငံမှာ အရပ်သား အုပ်ချုပ်ရေး စနစ်ကို ကူးပြောင်းဖို့ကို အပြည့်အဝ ထောက်ခံ အားပေးတယ်လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က သမ္မတ မူဘာရက် ပြုတ်ကျ ခဲ့တဲ့ နောက်ပိုင်း မှာစပြီး အုပ်ချုပ်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ် တွေနဲ့ သမ္မတသစ် မိုဟာမက် မော်ဆီ ကို ထောက်ခံကြသူ တွေအကြားမှာ နိုင်ငံရေး အားပြိုင်မှုတွေ ဖြစ်နေခဲ့ပါတယ်။

မစ္စစ် ကလင်တန်က တကယ့်နိုင်ငံရေး လုပ်ဖို့ အတွက် ဆိုရင် တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ မစ္စစ် ကလင်တန်က အီဂျစ်ရဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်း မှုတွေကိုလည်း ဝါရှင်တန်က အားပေးကူသွားမယ့် အကြောင်းကိုလည်း ပြောလိုက်ပါတယ်။

မစ္စစ် ကလင်တန်က ပြောကြား သွားရာမှာ သူမနဲ့ သမ္မတ တို့ တွေ့ဆုံပြီး အီဂျစ်ရဲ့ ဒီမိုကရေစီရေး အသွင်ပြောင်းမှု တွေကို ဆက်လုပ်သွား ဖို့အတွက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း၊ သမ္မတသစ်ရဲ့ အီဂျစ် လူနည်းစုနဲ့ အမျိုးသမီး တွေပါ ပါဝင်တဲ့ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်သွားရင်း အလုပ်အကျွေးပြုလိုတဲ့ ဆန္ဒကိုလည်း ဂုဏ်ပြုကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အခုတက်လာတဲ့ အီဂျစ် အစိုးရသစ် အတွက် အမေရိကန်ဘက်က ဘဏ္ဍာရေးနဲ့ နိုင်ငံရေး ထောက်ခံမှုတွေ ပေးသွားဖို့ကို အလေးထားပြီး ပြောကြားသလို အရင်အုပ်ချုပ်ခဲ့တဲ့ ကြားဖြတ် စစ်ကောင်စီ အစိုးရ ကိုလည်း သူတို့ရဲ့ ခေါင်းဆောင်မှုတွေနဲ့ ပတ်သက်လို့ မစ္စစ် ကလင်တန်က ချီးမွမ်းစကား ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ