လက်နက်ကြီးတွေ မသုံးကြောင်း ဆီးရီးယား အစိုးရ ငြင်းဆို

  • 15 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ထရမ်ဆာ ရွာမှာ လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံ ခဲ့ရတယ်လို့ အတိုက်အခံတွေက ပြောပါတယ်

ဆီးရီးယား နိုင်ငံ Tremseh ရွာမှာ ဖြစ်ခဲ့တဲ့ လူသေဆုံးမှုတွေဟာ အတိုက်အခံတွေ ပြောသလို တမင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မဟုတ်ဘဲ သူပုန်တွေကို နှိမ်နှင်း ရာမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးရ တာ တွေသာ ဖြစ်တယ်လို့ ဆီးရီးယား အစိုးရက ပြောနေပါတယ်။

ကမ္ဘာ့သတင်း မီဒီယာ အများစုကလည်း Tremseh ရွာမှာ ဖြစ်ခဲ့တဲ့ သေဆုံးမှုတွေဟာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့တင်ပြခဲ့ကြပါတယ်။

မကြာသေးခင် သီတင်းပတ် အနည်းငယ်တုန်းက ဟူလာမြို့မှာ ဖြစ်ခဲ့တာနဲ့ နှိုင်းယှဉ် ပြီး အဲဒီလို ပြောခဲ့ကြတာပါ။ ဆီးရီးယား အစိုးရက ရွာထဲမှာ ရှိနေသူတွေ ပြန်မခုခံနိုင်အောင် အရင် လုပ်ပြီးတော့မှ အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင် အဖွဲ့တွေက ဝင်လာပြီးလူတွေကို အနီးကပ် သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း မျက်မြင် သက်သေတွေက ပြောပြကြပါတယ်။

သူတို့ပြောတဲ့ အတိုင်း တကယ်ဖြစ်ခဲ့တာ ဖြစ်နိုင်ပေမယ့် ဟူလာမြို့မှာ တုန်းကလို သက်သေ အထောက်အထား အခိုင်အလုံ ပြနိုင် တာမျိုးတော့ မရှိသေးပါဘူး။

ဒါပေမယ့် ဆီးရီးယား အရေးအတွက်လုံခြုံရေး ကောင်စီ အစည်းဝေး ကျင်းပဖို့ ရှိနေချိန်မှာ ကနဦး ထွက်လာတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂ ထိပ်တန်း အရာရှိတွေနဲ့ နိုင်ငံ ခေါင်းဆောင်တွေကိုအကြီးအကျယ် ဒေါသ ဖြစ်စေခဲ့ပါတယ်။

ဆီးရီးယားအစိုးရကို ထောက်ခံတာ မဟုတ်ဘဲ နှစ်ဖက်လုံးရဲ့ ပြောဆိုချက်တွေ အပေါ် သံသယ ရှိနေသူတွေကတော့ အတိုက်အခံတွေဟာ လုံခြုံရေး ကောင်စီ အစည်းအဝေး နီးလာပြီ ဆိုရင် ဒီလိုပဲ တိုင်တန်း ပြောဆိုတာတွေ လုပ်တာ အလေ့အထ ဖြစ်နေပြီလို့ ပြောကြပါတယ်။

ဆီးရီးယားမှာ နေ့စဉ်နေ့တိုင်း လူ ၅၀၊ ၁၀၀ သေဆုံး နေကြရတဲ့ အဖြစ်တွေကလည်း သူတို့ရဲ့ ဝါဒဖြန့်မှုကို ပိုအောင်မြင်အောင် အားပေးသလို ဖြစ်စေပါတယ်။

ဒါပေမယ့် ဒီစွပ်စွဲချက်တွေကြောင့် လူတွေ သိပ်မပြောဖြစ်ကြတဲ့ အချက်က ဆီးရီးယား အစိုးရ ရဟတ်ယာဉ်တွေ အပါအဝင် စစ်လက်နက်တွေကို ပိုသုံးလာတယ် ဆိုတဲ့ကိစ္စပါ။ စနေနေ့တုန်းကလည်း နိုင်ငံတောင်ပိုင်းမှာ အဲဒီလို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုမျိုး ထပ်ဖြစ်ခဲ့ပါတယ်။

ဒီလိုဆက်ပြီး တိုက်နေမယ်ဆိုရင် ပစ်မှတ်ထားခံရတဲ့ ကျေးရွာ တွေမှာ နောက်ထပ် လူအများအပြား သေဆုံးတာတွေ ဖြစ်လာမှာကို မရှောင်လွဲနိုင်ပါဘူး။ ဒါဟာ သူပုန်တွေကို တိုက်တာလို့ အစိုးရဖက်က ပြောတာဟာ တစုံတရာတော့ သဘာဝကျတယ် ဆိုရင်တောင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန် က အဲဒီလို အင်အားအကြီးအကျယ် သုံးတာတွေ ရပ်ဖို့လိုတယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောထားတာက ရှိနေပါတယ်။

တကယ်လို့ ဆီးရီးယား အစိုးရဖက်က မရပ်ရင်၊ ဒီတိုက်ခိုက်မှုတွေကို ရပ်အောင် တားဆီးတာမျိုးတွေ တနည်းနည်းနဲ့ ပေါ်လာနိုင်တယ်လို့ ဘီဘီစီ အာရပ်ရေးရာ အယ်ဒီတာ Sebastian Usher က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ