ဆီးရီးယား တိုက်ပွဲတွေ မြို့တော်နား ရောက်လာ

  • 17 ဇူလိုင် 2012
damascus fighting ဓာတ်ပုံ မူပိုင် f
Image caption ပြည်တွင်းစစ် စပြီး ပထမဆုံး အကြိမ်အဖြစ် မြို့တော်နား သူပုန်တွေ ရောက်လာပုံရ

ဆီးရီးယားမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဖြစ် ပွားနေတဲ့ သူပုန်တွေဟာ မနေ့ကဆိုရင် မြို့တော် ဒမတ်စကာဒ်နားထိ ရောက်ရှိလာပုံရပြီး မြို့ထဲက မီဒန် ရပ်ကွက်မှာ လွန်ခဲ့တဲ့ ဆယ့်ခြောက်လက ပြည်တွင်းစစ် စပြီးနောက် ပထမဆုံး အကြိမ် အဖြစ် အစိုးရ တပ်ဖွဲ့တွေနဲ့ စစ်တပ်က ယာဉ် တွေကို ချထားလာရပါတယ်။

လေဆိပ်ကိုသွားတဲ့ လမ်းကိုလည်း ခဏ ပိတ်ထား ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

မြို့စွန် ရပ်ကွက်တွေမှာ သေနတ်သံတွေ ကြားရပြီး လမ်းမတွေပေါ်ကနေ မီးခိုးတွေ အူပြီး ထွက်လာတာ တွေ့ရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပြပါတယ်။

မနေ့ ညနေ ငါးနာရီလောက်က စပြီး အမြှောက်တွေနဲ့ စပစ်တာ ကြားရပြီးတော့ အခုဆိုရင် ဒီပစ်ခတ်မှုတွေရဲ့ အကျိုးဆက်တွေကို စတွေ့လာရပြီလို့ ပြောပါတယ်။

နောက်ထပ် စစ်ဆင်ရေးတွေ အချိန်မရွေး ထပ်ဖြစ်လာနိုင်တယ်၊ တင့်ကား ဆယ့်ငါးစီးနဲ့ စစ်သားတွေ အပြည့် တင်ထားတဲ့ ကားတွေ၊ စနိုက်ပါ လက်ဖြောင့် သေနတ်သမားတွေကို တွေ့ရတယ်လို့ သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

ဘေရွတ်မှာ ရော်ကနေတဲ့ ဘီဘီစီ သတင်းထောက် ဂျင်မြူရာက အစိုးရ ဆန့် ကျင်ရေးသမားတွေနဲ့ အဆက် အသွယ်ရခဲ့ပြီး သူတို့ အပြောအရ အခုပြောနေတဲ့ နေရာ မြောက်ပိုင်း၊ မြို့လယ်ခေါင်နားထိ ပစ်ခတ် တိုက်ခိုက်မှုတွေ ကူးစက်လာ နေတယ်လို့ ပြောပါတယ်။

ဆီးရီးယား ရုပ်မြင်သံကြားက သတင်းတွေမှာတော့ မြို့တော် တဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မပြောဘဲ မြို့တဝိုက်က နေရာတွေကို ရုပ်သံကနေ ပြသခဲ့ ပါတယ်။

ဒါပေမယ့် လမ်းတွေမှာ လူတွေ မတွေ့ရဘဲ အခြေအနေဟာ ပုံမှန် အနေအထား မဟုတ်တာကို ရုပ်သံ ပြကွက်တွေမှာ တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြို့တော်နားထိ ပစ်ခတ်သံတွေ ကြားလာရပြီ ဆိုပေမယ့် ဒမတ်စကာဒ် မြို့ကို သိမ်း ပိုက်ဖို့ တိုက်ပွဲလို့ ကောက်ချက်ချလို့ မရသေးကြောင်း၊ နောက်ရက်ပိုင်းအတွင်းမှာ ကိစ္စပြတ်မယ်လို့ ပြောလို့ မရကြောင်း လက်ဘနွန်ကနေ သတင်းပေးပို့ထား ပါတယ်။

ဒီအတော အတွင်းမှာ ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကိုဖီ အာနန်ဟာ ရုရှမှာ ရောက်ရှိနေပြီး ဆီးရီးယား အစိုးရကို ဒဏ်ခပ် ပိတ်ဆို့မှု တွေနဲ့ စစ်ရေးအရ အရေးယူတဲ့ထိ ဖြစ်လာနိုင်တဲ့ ပြဌာန်း ဆုံးဖြတ်ချက်ကို ရုရှဆီက သဘောတူညီမှု ရအောင် ကြိုးစားနေပါတယ်။

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗကတော့ အနောက် နိုင်ငံတွေဟာ အကျပ်ကိုင်တဲ့နည်းလမ်းတွေ သုံးနေပြီး ကုလသမဂ္ဂ ကြိုးပမ်းမှုတွေ ဒီလကုန် အဆုံးသတ်ရင် ဆက်သက်တမ်း မတိုးနိုင်အောင် ဗီတို သုံးမယ်လို့ ချိမ်းခြောက် နေပါတယ်။

ကုလ အတွင်းရေးမှုးချုပ်ရဲ့ ဆီးရီးယား အရေး ကြိုးပမ်းမှုကို လက်ရှိ အနေအထား အတိုင်း သက်တမ်း တိုးလို့ ရပါလျက်နဲ့ အနောက်နိုင်ငံတွေက နိုင်ငံရေး တောင်း ဆိုမှုတွေ လုပ်နေတယ်၊ ဒါဟာ စိတ်ပျက်စရာပဲလို့ ရုရှ သံအမတ်က ပြောသွား ပါတယ်။

ဒီအတော အတွင်းမှာ ဆီးရီးယား အစိုးရဟာ သူ့ရဲ့ အတွင်းလူယုံတွေရဲ့ ဖွင့်ချမှုတွေနဲ့ ထပ်ပြီး ဖိအားပေး ခံလာရပါတယ်။

ပြီးခဲ့တဲ့ အပတ်က အီရတ်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့တဲ့ အီရတ်ဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး နာဝါ ဖာရက်ဇက ဆီးရီးယားနိုင်ငံ မြို့ကြီးတွေမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေကို အယ်ခိုင်ဒါ စစ်သွေးကြွတွေက အစိုးရ ကိုယ်စား လုပ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

သူဟာ လောလောဆယ် ကာတာနိုင်ငံမှာ ရောက်ရှိနေပြီး ဘီဘီစီ လုံခြုံရေး ဆိုင်ရာ သတင်းထောက် ဖရန့် ဂါဒနာက သူနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

နိုင်ငံတကာက သံတမန် နည်းလမ်းတွေနဲ့ ကြိုးပမ်းမှုတွေကို သူက မျှော်လင့်ချက် မထားကြောင်း၊ ကိုဖီအာနန်ရဲ့ ခရီးစဉ်ကိုလည်း စကတည်းက ပျက်နေတယ်လို့ ဗွင်းဗွင်းပဲ ပြောခဲ့ပါတယ်။

အာဆတ် အစိုးရကို ဖယ်ရှားဖို့ တခုတည်းသော နည်းလမ်းက အတင်းအကြပ် အင်အားသုံး ဖယ်ရှားမှသာ ရမှာ ဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ