ဆီးရီးယား ဗုံးခွဲတိုက်ခိုက်မှုတွင်း ကာကွယ်ရေး၀န်ကြီး သေဆုံး

  • 18 ဇူလိုင် 2012
syria bomb attack ဓာတ်ပုံ မူပိုင် AP
Image caption အမျိုးသားလုံခြုံရေး ဌာန ကို အသေခံဗုံးခွဲ တိုက်ခိုက်

ဆီးရီးယား နိုင်ငံမှာ အသေခံ ဗုံးခွဲ သမား တစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် သမ္မတ အာဆတ် အစိုးရ အဖွဲ့က ထိပ်တန်း အရာရှိကြီးတွေ အတော်များများ သေဆုံးတာ၊ ဒဏ်ရာ ရတာတွေ ရှိခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာ ခဲ့ ပါတယ်။

ဒမားစကပ်စ် မြို့တော်က အမျိုးသား လုံခြုံရေး ဌာနချုပ်ကို အသေခံ ဗုံးခွဲ ခဲ့တဲ့ အတွက် သေဆုံးသူ တွေ ထဲမှာ ကာကွယ်ရေး ဝန်ကြီး Daoud Rajiha ပါ၀င်ပါတယ်။

ဒါ့အပြင် သေဆုံးသူတွေထဲမှာ ဆီးရီးယား နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အလွန် သြဇာ တိက္ကမ ကြီးမား ခဲ့တဲ့ သမ္မတ အာဆတ်ရဲ့ ယောက်ဖ တော်စပ်သူ Assef Shawkat လည်း ပါဝင် ပါတယ်။

ဆီးရီးယား ထောက်လှမ်းရေး အကြီးအကဲ Hisham Ikhtiar နဲ့ ပြည်ထဲရေး ဝန်ကြီး Mohammad Ibrahim al-Shaar တို့ လည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြ ပါတယ်။

အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ထိပ်တန်း လုံခြုံရေး အရာရှိတွေ အစည်း အဝေး ပြုလုပ်နေစဉ် အသေခံ ဗုံးခွဲ သမားက တိုက်ခိုက်ခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ဆီးရီးယား အစိုးရ အတွက် အတော့်ကို အထိနာစရာ ဖြစ်ရပ် ပါ။

ပြည်ပက အကွက်ချ ခိုင်းစေမှု အတိုင်း ကြေးစား ရာဇဝတ် သမားတွေ လိုက်လုပ်တဲ့ အဲဒီဗုံးခွဲ တိုက်ခိုက်မှု အတွင်းမှာ တခြား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြထားပါတယ်။

လက်နက်ကိုင် အကြမ်းဖက်သမားတွေကို အမြစ်ဖြုတ် ချေမှုန်းဖို့ ဆီးရီးယား အစိုးရက စိတ်ပိုင်းဖြတ်ထားမှုဟာ အခုလို ကာကွယ်ရေး ဝန်ကြီးနဲ့ သူ့ လက်ထောက်တို့ သေဆုံးခဲ့မှုကြောင့် ပိုတိုးလုပ်သွားဖို့ပဲ ရှိတယ် လို့လည်း အဲဒီ ကြေညာချက် ထဲမှာ ဖေါ်ပြထားပါတယ်။

အင်အားကြီး နိုင်ငံတွေအကြား သဘောထား ကွဲလွဲနေမှု တွေကြောင့် နိုင်ငံတကာ သံတမန်ရေး ကြိုးပမ်းမှုတွေ သိသိသာသာ ပျက်ယွင်းသွားပြီ၊ ဆီးရီးယား နိုင်ငံတွင်းက ပဋိပက္ခတွေဟာ အတိုင်းအတာတခုကို တိုးမြင့် ရောက်ရှိသွားပြီ လို့ ယူဆနေမှုတွေဟာ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်တွေကြောင့် ပိုခိုင်မာ သွားစေပါတယ်။

ဒမားစကပ်စ်မြို့တော်ကို သူပုန်တွေက အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်နေချိန်မှာပဲ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

Operation Damascus Volcano ဒမားစကပ်စ် မီးတောင် စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ ထိုးစစ်ဆင် လှုပ်ရှားမှုတွေကို သူပုန်တွေ ဘက်က တိုးလုပ် လာနေချိန်မှာပဲ ဒမားစကပ်စ် မြို့တော်ရဲ့ နေရာ အတော်များများမှာ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေ ဆက် ဖြစ်ပွားနေပါတယ်။

သူပုန်တွေအနေ နဲ့ အောင်ပွဲက လက်တကမ်းအကွာမှာ ရောက်နေပြီလို့ ထင်ထင်ရှားရှား ယူဆနေကြချိန်မှာ အခုလို ထိပ်တန်း အစိုးရ လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦး သေဆုံးသွားတာဟာ သူပုန်တွေ အတွက်တော့ ပိုအားတက် စရာ ဖြစ်သွား လိမ့်မယ် လို့ ဘေရွတ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Jim Muir က သတင်းပေးပို့ပါတယ်။