အာဖရိကအတွက် တရုတ်ငွေချေး

  • 19 ဇူလိုင် 2012
တရုတ်အာဖရိက ထိပ်သီးဆွေးနွေးပွဲ ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ်အာဖရိက ထိပ်သီးဆွေးနွေးပွဲ

တရုတ်ကထုတ်ချေးမယ့် ဒေါ်လာ ဘီလျံ ၂၀ ဟာ အာဖရိကတိုက်မှာ အခြေခံ အဆောက်အဦတွေဆောက်ဖို့၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ အသေးစား လုပ်ငန်းတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့အတွက် ဖြစ်တယ်လို့ တရုတ်သမ္မတ ဟူကျင်းတောင်က ပြောပါတယ်။

ဒါဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းက တရုတ်အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာညီလာခံမှာ ကတိပေးခဲ့တဲ့ပမာဏထက် ၂ ဆပိုများပါတယ်။ ဒါ့အပြင်မစ္စတာဟူကျင်းတောင်က၊ တရုတ်နဲ့အာဖရိကဟာ နိုင်ငံတကာ ရေးရာတွေမှာ ပိုပြီးပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂပဋိဉာဉ်တွေကို ထိမ်းသိမ်းဖို့၊ နိုင်ငံတကာ ဆက်ဆံရေးမှာပိုပြီး ဒီမိုကရေစီနည်းလမ်းကျဖို့၊ ဟန်ချက်ညီတဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှုတွေ ဖြစ်လာဖို့ အတွက် ပူးပေါင်းဆောင်ရွက်ရဖို့ ကြီးနိုင်ငယ်ညှဉ်းလုပ်တာတွေ၊ ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူကို လွှမ်းမိုးတာမျိုးတွေကို ဆန့်ကျင်ရမှာဖြစ်ကြောင်း တရုတ်သမ္မတက ဆိုသွားပါတယ်။

ပေကျင်းမြို့မှာကျင်းပတဲ့ ဒီညီလာခံကို တောင်အာဖရိက၊ ကင်ညာ၊ နီဂျဲ နဲ့အီကွေတိုးရီးယဲဂီနီ တို့အပါအဝင်အာဖရိနိုင်ငံ ၅၀ ကခေါင်းဆောင်တွေတက်ရောက် ကြပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာအာဖရိကတိုက်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ်ကုန်သွယ်မှု ပမာဏဟာဒေါ်လာဘီလျံ ၁၆၀ ကျော်ပါတယ်။ အာဖရိကတိုက်ဟာ စီးပွားရေးတိုးတက်နေတဲ့ တရုတ်ပြည်အတွက် ကုန်ကြမ်းရယူတဲ့နေရာဖြစ်သလို စျေးပေါတဲ့ တရုတ်ပစ္စည်းတွေအတွက်လည်း ကြီးမားတဲ့စျေးကွက်ဖြစ်ပါတယ်။ အာဖရိ ကတိုက်အနေနဲ့လည်း တရုတ်ရဲ့အခြေခံအဆောက်အဦ ဆောက်လုပ်ရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်အကျိုးရှိ ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဟာ ဇင်ဘာဘွေ၊ ဇမ်ဘီယာနဲ့အခြားနိုင်ငံတွေမှာ တရုတ်ကုမ္ပဏီတွေရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကို မသိကျိုးကျွန်ပြုနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ တရုတ်သမ္မတကတော့ ဒီပြဿနာမျိုး တွေအပါအဝင်၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ ယဉ်ကျေးမှု ကွာဟချက်တွေကိုပါ လျှော့ချနိုင်ဖို့အတွက်ဆောင်ရွက် သွားမယ်လို့ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ