ဆီးရီးယား သူပုန်တွေ နယ်စပ် စခန်းတွေသိမ်း

  • 19 ဇူလိုင် 2012
syria border ဓာတ်ပုံ မူပိုင် Getty
Image caption အီရတ် ဆီးရီးယား နယ်စပ် စခန်း တခုကို သိမ်းပြီးနောက် သူပုန်တွေ အောင်ပွဲခံ

ဆီးရီးယား ပဋိပက္ခမှာ ခုနောက်ဆုံး သူပုန် တွေက တူရကီနဲ့ အီရတ် ဆီးရီးယား နယ်စပ်က စခန်းတွေကို သိမ်းပိုက် ခဲ့ပါတယ်။

ဆီးရီးယား အရှေ့ဘက်ခြမ်း နယ်စပ် တကြောလုံးကို သူပုန်တွေက သိမ်းထားနိုင်လိုက်ပြီလို့ အီရတ် ထိပ်တန်း တာဝန်ခံက ပြောပါတယ်။

တနေ့ကတော့ မြို့တော် ဒမတ်စကာဒ်မှာ ဗုံးခွဲ တိုက် ခိုက်မှု ဖြစ်ပြီး ထိပ်တန်း အစိုးရ ဝန်ကြီးတွေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေ သေဆုံးခဲ့ပါတယ်။

မြို့တော် ဒမတ်စကာဒ်ကို အစိုးရ တပ်တွေ အာရုံ စိုက်နေတုန်း နိုင်ငံ အရှေ့ဘက်ခြမ်း ဆီးရီးယား အီရတ် နယ်နမိတ်က နယ်စပ် စခန်းတွေကို သူပုန်တွေက ဝင်သိမ်းခဲ့တာ ဖြစ်တယ်လို့ အီရတ် အစိုးရ တာဝန်ခံတွေက ပြောပါတယ်။

ဒမတ်စကာဒ်မြို့ကို သူပုန်တွေ စ လုပ်ကြံတာ လွန်ခဲ့တဲ့ လေးရက်က ဖြစ်ပြီး အစိုးရ အရာရှိတွေ လုပ်ကြံခံရတဲ့ အဖြစ်အပျက် အပြီးမှာ စစ်တပ်က ဒမတ်စကာဒ် တဝိုက်က သူပုန်တွေကို ရှင်းထုတ်ဖို့ လုပ်ဆောင် လာပါတယ်။

ဒမတ်စကာဒ်မြို့မှာ ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေကို မပြတ် ကြားလာနေရပြီး စစ်တလင်းလို ဖြစ်လာနေတယ်၊ မြို့လယ်ခေါင်မှာကို ဗုံးသံ၊ သေနတ်သံတွေ ကြား နေရတယ်လို့ မြို့ခံ တယောက်က ဘီဘီစီကို ပြောပြပါတယ်။

မြို့လယ်ခေါင်ကနေ တောင်ဘက်ကို အစိုးရ စစ်တပ်နဲ့ တင့်ကားတွေ ထွက်သွားတာ ကိုယ်တိုင် တွေ့လိုက်ရကြောင်းလည်း ပြောပါတယ်။

မြို့ထဲက လူတွေရဲ့ အခြေအနေကတော့ ကြောက်တဲ့လူတွေ ပိုများလာပြီး အပြင် မထွက်ရဲကြတော့ကြောင်း၊ အပြင်ထွက်ပြီး စားစရာ သောက်စရာတောင် ထွက်ဝယ်ကြတာ မတွေ့ရကြောင်း၊ စားစရာ သောက်စရာ ပြတ်လာနေကြောင်း၊ တချို့နေရာတွေမှာ ဆေးဝါး ပစ္စည်း မရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး မြို့ထဲမှာ တနေရာက တနေရာ သွားရင်တောင် မှတ်ပုံတင် စစ်နေကြောင်း ဒမတ်စကာဒ် မြို့ခံက ပြောပြပါတယ်။

မနေ့က တရက်ထဲမှာ သေဆုံးသူ နှစ်ရာကျော် ရှိနိုင်တယ်လို့ လန်ဒန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဆီးရီးယားမှာ တရက်ပြီး တရက် အခြေအနေ ပိုဆိုးလာနေပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တုန့်ပြန် လုပ်ဆောင်ပုံကတော့ ဘာမှ တိုးတက်လာတာ မတွေ့ရပါဘူး။

မနေ့က ဆီးရီးယား အစိုးရကို ဒဏ်ခပ် ပိတ်ဆို့မှု တိုးလုပ်ဖို့ လုံခြုံရေး ကောင်စီရဲ့ ပြဌာန်း ဆုံးဖြတ်ချက်ကို ရုရှနဲ့ တရုတ်က ဗီတို သုံးခဲ့ပါတယ်။

ပြည်ပကနေ စစ်အင်အားသုံး စွက်ဖက်မှု လုပ်လာမှာကို အကြောင်းပြပြီး ရုရှက ဗီတို သုံးခဲ့ပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က ရုရှနဲ့ တရုတ် ဆုံးဖြတ်ချက်ဟာ ဆင်ခြေ ပေးလို့ မရနိုင်တဲ့၊ ကာကွယ် ပြောဆိုလို့ မရနိုင်တဲ့ ဆုံးဖြတ်ချက်လို့ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

အဲဒိအတွက်ကြောင့် ဒီကနေ့မှာ သက်တမ်း ကုန်ဆုံးမယ့် ကုလသမဂ္ဂရဲ့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ ကြိုးပမ်းမှုကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ