ချာ့ဒ်ခေါင်းဆောင်ဟောင်းကို တရားစွဲဖို့ ICJ ဆုံးဖြတ်

  • 20 ဇူလိုင် 2012
Hissene Habre ဓာတ်ပုံ မူပိုင်
Image caption အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့

သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဆီနီဂေါဟာ သူတို့ နိုင်ငံမှာ ခိုလှုံနေတဲ့ ချာ့ဒ် ခေါင်းဆောင်ဟောင်း ဟီဆီနီ ဟာဘရီကို ချက်ခြင်း အမှုစွဲဆို တရားရုံးတင်ရမယ်၊ အဲဒီလို မလုပ်နိုင်ရင် ဘယ်လ်ဂျီယံမှာ တရားရင်ဆိုင်ဖို့ လွှဲပြောင်း ပေးရမယ်လို့ သောကြာနေ့က ဆုံးဖြတ်ပေးလိုက်ပါတယ်။

မစ္စတာ ဟာဘရီဟာ သူအာဏာရခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်တွေ အတွင်း အတိုက်အခံ ထောင်ပေါင်းများစွာကို နှိပ်စက်ညှင်းပမ်းခဲ့ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သူဟာ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ ၁၉၉၀ က စလို့ ဆီနီဂေါမှာ ခိုလှုံနေတာပါ။

ဘယ်လ်ဂျီယံက ဆီနီဂေါဟာ အပြည်ပြည်ဆိုင်ရာ စာချုပ်တွေကို လိုက်နာဖို့ ပျက်ကွက်ပြီး ညှင်းပမ်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့သူ တဦးကို နေရာပေးထားတယ်လို့ စွပ်စွဲပါတယ်။ ဆီနီဂေါကတော့ ဒီကိစ္စမှာ ဘယ်လ်ဂျီယံ ဘာမှ ဝင်ပြောပိုင်ခွင့်မရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လက သမ္မတဖြစ်လာတဲ့ ဆီနီဂေါသမ္မတ မက်ကီ ဆောက မစ္စတာ ဟာဘရီကို သူ့နိုင်ငံတွင်းမှာပဲ အထူးခုံရုံးနဲ့ တရားစီရင်ကောင်း စီရင်နိုင်တယ်လို့ ပြောထားဖူးပါတယ်။

အခု ဆုံးဖြတ်ချက်အရ ပြုတ်ကျသွားတဲ့ အာဏာရှင်တွေကို ခိုလှုံခွင့်ပေးထားတဲ့ နိုင်ငံတွေက သူတို့ကို တရားရုံးတွေမှာ အမှုရင်ဆိုင်ဖို့ ပြန်လွှဲပြောင်း ပေးရမယ်ဆိုတဲ့ အစဉ်အလာတွေ ဖြစ်လာနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။