အမေရိကန်မှာ ပစ်ခတ်မှုအတွင်း လူ ၁၂ ယောက်သေ

  • 20 ဇူလိုင် 2012
ပစ်ခတ်မှု မြင်ကွင်းမှ လုံခြုံရေးများ ဓာတ်ပုံ မူပိုင် AP
Image caption ပစ်ခတ်မှု မြင်ကွင်းမှ လုံခြုံရေးများ

သောကြာနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဒန်ဗာမြို့ ဆင်ခြေဖုံး Aurora ရပ်ကွက်က ရုပ်ရှင်ရုံမှာ The Dark Knight rises နာမည်နဲ့ Batman ရုပ်ရှင်ကားသစ် အထူးပွဲကို ပြနေတာမို့ လူတွေရုံပြည့်အောင် လာကြည့်ခဲ့ကြ ပါတယ်။ ပစ်ခတ်မှုအတွင်း လူ၁၂ယောက်သေဆုံးပြီး ၅၀ကျော်ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကားကို ပြနေတဲ့အချိန်မှာတကိုယ်လုံး အမဲရောင်ဝတ်ထားပြီး မျက်နှာဖုံးတပ်ထားတဲ့သေနတ်သမားက ပိတ်ကားရှေ့ကို ဝင်လာခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစခြင်းမှာတော့ သေနတ်ပစ်သံတွေနဲ့ မီးခိုးဗုံး ဖောက်ခွဲ့သံတွေဟာ ရုပ်ရှင်ထဲက အထူးဖန်တီးထားတဲ့ special effect ပြကွက်တွေလို့တောင်တချို့က ထင်ခဲ့ကြ ပါတယ်။ နောက်တော့လူတွေဟာ ကြောက်လန့်တကြားနဲ့ ရုပ်ရှင်ရုံထဲက ထွက်ပြေးခဲ့ကြပါတယ်။

သေနတ်ပစ်ခံရလို့ သေဆုံးသူအများအပြားဟာ ဆယ်ကျော်သက်အရွယ် လူငယ်တွေဖြစ်ပြီး အသက်အငယ်ဆုံးက ၆ နှစ်အရွယ်ကလေး တဦးပါ။ အဲဒီပစ်ခတ်မှုဟာ အချိန်အတော်ကြာခဲ့ပြီး နောက်ပိုင်း ကားရပ်နားရာနေရာမှာ အသက် ၂၄ နှစ်အရွယ် မသင်္ကာသူ တဦးကိုရဲက ဖမ်းဆီးခဲ့တော့ သူကလုံးဝခုခံဆန့်ကျင်တာ မလုပ်ခဲ့ပါဘူး။ အခုတော့သူနေတဲ့ အိမ်ကိုပါရဲက ရှာဖွေနေပါတယ်။ အဲဒီအိမ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိနိုင်တဲ့အတွက်၊ အိမ်နီးနားချင်းတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးထား ပါတယ်။

ဒီပစ်ခတ်မှုဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာမျိုးတော့ မတွေ့ရဘူးလို့ FBI ထောက်လှမ်းရေး အဖွဲ့ကဆိုပါတယ်။ အော်ရိုရာရပ်ကွက်ထဲမှာ ရှိတဲ့ဆေးရုံက သူတို့ဆီကိုသေနတ်ဒဏ်ရာနဲ့လူနာတွေ ရောက်လာကြောင်းနဲ့ နောက်ထပ် လည်းရောက်လာစရာ ရှိတယ်လို့ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးအမေရိကန်သမ္မတ အိုဘားမားက ဝမ်းနည်း တုန်လှုပ်မိကြောင်း ပြောပါတယ်။ ဒီပြစ်မှုကိုကျူးလွန်တဲ့ ဘယ်သူဘဲဖြစ်ဖြစ် တရားဥပဒေ အတိုင်းအရေး ယူမှာ ဖြစ်တယ်၊ အများပြည်သူ လုံခြုံရေး အတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ပြီး၊ဒဏ်ရာရသူတွေကိုလည်း ကူညီသွားမယ် လို့သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ