အမေရိကန် မဲဆွယ်ပွဲတွေ ဖျက်သိမ်း

  • 21 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption မှုခင်းနေရာ

အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ် ဒန်ဗာ မြို့မှာ Batman လင်းနို့လူသား ရုပ်ရှင်ကားပြသနေတုန်း သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ၅၉ ဦး ဒါဏ်ရာရခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် သမ္မတ အိုဘာမားနဲ့ သူရဲ့ပြိုင်ဖက် မစ်ဒ်ရွမ်နီ တို့ဟာ ရွေးကောက်ပွဲအကြို မဲဆွယ် စည်းရုံးပွဲတွေကို ဖျက်သိမ်းလိုက်ပါတယ်။

မစ္စတာ အိုဘားမားက ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အလွန်တုန်လှုပ်မိကြောင်းနဲ့ ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံတဝန်းက အစိုးရရုံးတွေမှာလည်း အမေရိကန် အလံကို တိုင်တဝက်အထိချဖို့ အမိန့်ပေးခဲ့ပါတယ်။

မစ္စတာ ရွမ်နီကတော့ ဒီပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေအတွက် ဆုတောင်းမေတ္တာပို့သ ကြပို့ ပန်ကြားခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာပဲ လက်နက်တွေကိုင်ဆောင်ထားတဲ့ James Holmes ဆိုသူ အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပါတယ်။

သူရဲ့ နေအိမ်တိုက်ခန်းကို ရှာဖွေစစ်ဆေးတော့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထောင်ချောက်ဆင်ထားတယ်လို့ ရဲတွေက ပြောပါတယ်။