ဆီးရီးယား အစိုးရ ပြိုလဲ လာနေပြီလား

  • 21 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားရဲ့ အီရတ်နယ်ခြား ဖြတ် ဂိတ်အားလုံးကို သူပုန်တွေက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်

ဆီးရီးယားနိုင်ငံ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ အလိပိုမြို့မှာ ဒုတိယနေ့ အဖြစ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေရာ အလိပို မြို့ရဲ့ ဆလာဟက်ဒင် နေရာဘက်မှာ အခုအချိန် အထိ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ပုံ ရှိနေပါတယ်။

ဒီအတွက် အဲဒီမှာ နေထိုင်သူတွေ အများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြပါတယ်။ ဒါပေမယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေ အခု ပြောနေတာ ကတော့ အစိုးရ တပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား တိုက်ခိုက်မှုတွေဟာ တခြား နေရာတွေကိုပါ ပျံ့နှံ့ကုန်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု တိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံးလူ ၄၀ သေဆုံးခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။

ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးနဲ့ သမ္မတ အာဆတ်ရဲ့ ယောက်ဖ တော်စပ်သူတို့ အပါအဝင် ထိပ်တန်း ခေါင်းဆောင် ၄ ဦး ဖောက်ခွဲ လုပ်ကြံခံခဲ့ရပြီး တာတောင် ဆီးရီးယား အစိုးရကတော့ သူတို့ ပြောနေကျ အတိုင်း အကြမ်းဖက် သမားတွေကို နှိမ်နှင်း အောင်မြင် နေတယ်၊ နောက်ဆုံး လက်ကျန် အကြမ်းဖက် သမားတွေကို လိုက်လံ နှိမ်နှင်းနေတယ်လို့ ဆိုနေတုန်းပါ။

သူပုန်တွေ နေရာယူထားတဲ့ နေရာကို ပစ်တဲ့ လက်နက်ကြီးတွေ ထိုင်ထားတယ်လို့ အတိုက်အခံတွေက ဆိုတဲ့ ဒမတ်စကတ်မြို့ရဲ့ အနောက်မြောက်ပိုင်း ကုန်းမြင့်တဲ့ အရပ်မှာ ကျင်းပတဲ့ သမ္မတအာဆတ်ရဲ့ ယောက်ဖ အာဆက်ဖ် ရှော်ကက်တ်နဲ့ တခြားခေါင်းဆောင် တွေရဲ့ အသုဘ အခမ်းအနားက ပုံရိပ်တွေကို နာရီ အတော်ကြာအောင် နောက်ကျပြီးမှ ဆီးရီးယား ရုပ်မြင် သံကြား ကနေ ထုတ်လွှင့် နိုင်ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ တရားဝင် သတင်းဌာန Sana ရဲ့ ဝဘ်ဆိုက်ကိုလည်း တိုက်ခိုက်ခံရလို့ ဝင်ကြည့်လို့ ရလိုက် မရလိုက် ဖြစ်နေပါတယ်။

အခုဆိုရင် အစိုးရရဲ့ ထိမ်းချုပ်မှုဟာ ပြိုလဲနေပြီလို့ မူဆလင်ညီနောင်များ အဖွဲ့က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ သူပုန်တွေထဲမှာ အကြီးဆုံးနဲ့ စံနစ်အကျဆုံး အဖွဲ့လို့ ယူဆရပါတယ်။

သူတို့က အများပြည်သူ လုံခြုံရေး၊ အရပ်ဖက် ငြိမ်းချမ်းရေးနဲ့ အခြေခံ အခွင့်အရေး တွေကို ထိမ်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ လှုံ့ဆော် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ