ဘေဂျင်းမိုး

  • 22 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ခါးလောက်အနက် ရေတွေ လျှံနေတဲ့ လမ်းတွေ ပေါ်မှာ ကားတွေ သောင်တင်နေ ပါတယ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ နှစ်ပေါင်း ၆၀အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ၁၀ဦး သေဆုံးခဲ့ပြီး မနေ့တုန်းက လူထောင်နဲ့ ချီပြီး နေအိမ်တွေ ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရ ပါတယ်။

တနင်္ဂနွေနေ့မှာ ဘေဂျင်းမြို့ ရာသီဥတု ကြည်လင်လာပြီ ဖြစ်ပေမယ့် နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း မှာတော့ နောက်ထပ် မိုးရွာ သွန်းမယ်လို့ ခန့်မှန်းထား ပါတယ်။

စနေနေ့နေ့လယ်က ရုတ်တရက် သည်းကြီး မည်းကြီး စရွာခဲ့တဲ့ မိုးကြောင့် ဘေဂျင်းမြို့ လမ်းမတွေ ပေါ်မှာ ရေတွေ လျှံ၊ ခေါင်မိုးတွေ လန်၊ သစ်ပင်တွေ လဲပြီး လျှပ်စစ် မီးကြိုးတွေ ပြတ်သွားခဲ့ ပါတယ်။

ခါးလောက် အနက် ရေတွေ လျှံနေတဲ့ လမ်းတွေ ပေါ်မှာ မော်တော်ကားတွေ ဘတ်စ်ကားတွေ ဆက်မသွား နိုင်ပဲ အဝေးပြေး လမ်းမ ကျယ်ကြီးတွေမှာလည်း ယာဉ်အသွား အလာတွေ ရပ်ဆိုင်းသွား ပုံကို ရုပ်မြင်သံကြားတွေမှာ တွေ့ခဲ့ရ ပါတယ်။ သေဆုံးသူတွေထဲမှာ ခေါင်မိုး ပြိုကျပြီး ပိမိသူတွေ၊ မိုးကြိုး ပစ်ခံရသူတွေနဲ့ မီးကြိုး အပြတ်တွေ ကြောင့် ဓါတ်လိုက်ခံ ရသူတွေ ပါတယ်လို့ ဆိုပါတယ်။

ဘေဂျင်းလေဆိပ်မှာ လေယာဉ် ခရီးစဉ် ၂၀၀ ကျော် ဆိုင်းငံ့လိုက်ရတဲ့ အတွက် ခရီးသည် ထောင်နဲ့ချီ သောင်တင်နေပါတယ်။ ဘေဂျင်းမြို့ အနီးမှာ ရှိတဲ့ ခရိုင်ဒေသတွေ ကနေ ဒေသခံ တသောင်းလေးထောင် လောက်ကို ဖယ်ထုတ် ခဲ့ရတယ်လို့ ရှင်ဝါ အစိုးရ သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

မိုးက ဘယ်လောက် သည်းသလဲ ဆိုရင် ရေတံခွန် အောက်မှာ ရောက်နေ သလိုပဲလို့ တရုတ်နိုင်ငံမှာ တနှစ်ကျော် လောက် နေထိုင်နေတဲ့ ဗြိတိသျှ ကျောင်းသားတဦးက ဘီဘီစီကို ပြန်ပြောပြ ပါတယ်။

ရေတွေ လျှံနေတာကြောင့် အညစ်အကြေးစွန့် မြောင်းပေါက်တွေ ကို မမြင်နိုင်တဲ့ အတွက် မြောင်းပေါက်တွေထဲ ပြုတ်ကျမယ့် အန္တရာယ်တွေ နဲ့ ကြုံနေရကြောင်းနဲ့ မြောင်းပေါက်ထဲ ကျသွားတဲ့ အမျိုးသမီး တဦး သေဘေးကနေ သီသီလေး လွတ်ခဲ့တာ တွေ့ခဲ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြန်ပြောပြ ပါတယ်။

တခါမြောက်ပိုင်း ရှန်ဇီ ပြည်နယ်မှာလည်း မြစ်ထဲ ကုန်ကားတစင်း မျောပါ သွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ ပါတယ်။ တခါ နိုင်ငံ အနောက်တောင်ပိုင်းက စီချွမ် ပြည်နယ်မှာလည်း မြေပြိုကျပြီး နောက်ထပ် လူ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မကြာခင်မှာလည်း နောက်ထပ် ဆိုးဝါးတဲ့ ရာသီဥတု ဒါမှမဟုတ် ပြင်းထန်တဲ့ မုန်တိုင်းတွေ ထပ်ဖြစ်လာနိုင်စရာ ရှိတယ်လို့ ဘေဂျင်း မြို့တော် အစိုးရရဲ့ website မှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ