ကျားထိန်းသိမ်းရေးစခန်း ခရီးသွားဝင်ခွင့်မပြု

  • 24 ဇူလိုင် 2012
အိန္ဒိယနိုင်ငံမှာ သဘာဝအတိုင်းကျားတွေကို ထိန်းသိမ်း ထားပါတယ်။ ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယနိုင်ငံမှာ သဘာဝ အတိုင်းကျားတွေကို ထိန်းသိမ်း ထားပါတယ်

အိန္ဒိယနိုင်ငံမှာ သဘာဝအတိုင်း ကျားထိန်းသိမ်းတဲ့ စခန်းပေါင်း ၄၀ကျော်ရှိပြီး အခုအခါ ကမ္ဘာလှည့် ခရီးသွားတွေ အဲဒီကန့်သတ်ဇုံအတွင်း ဝင်ခွင့်မပြုတော့ဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အခုဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်ဘယ်လို ရိုက်ခတ်နိုင်တယ် ဆိုတာကိုလည်း အချို့ကစိုးရိမ်နေကြပါတယ်။

သစ်တောကြိုးဝိုင်းအတွင်း ကျားထိန်းသိမ်းရေးဇုံကို ခရီးသွား ဧည့်သည်တွေ အရင်က သွားရောက် ကြည့်ရှုခွင့် ရပါတယ်။

အခုဆုံးဖြတ်ချက်အရ ခရီးသွားတွေကို ကန့်သတ်မယ်ဆိုရင် ဒေသစီးပွားရေးတွေကို ထိခိုက်နိုင်သလို အဲဒီကရတဲ့ ငွေနဲ့ သဘာဝ သားရိုင်း တိရိစ္ဆန်ထိန်းသိမ်းရေး ပညာပေး လုပ်ငန်းတွေထိခိုက်နိုင်ပါတယ်။

နောက်တခါ အခုလို တောစခန်းတွေကနေ ကျားတွေ တတောကနေ တတောကို ကူးရင် ဆူညံဟိန်းဟောက် သံတွေကြောင့် ရွားသားတွေကို အနှောက်အယှက်ဖြစ်နိုင်သလို လူတွေက သူတို့ စားကျက်တွေဖျက်ဆီးတာ ခိုးဖမ်းတာ စတဲ့အန္တရာယ်လည်း ကျရောက်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ကျားဦးရေ ကျဆင်းနေပြီး အားလုံးရဲ့ကောင်ရေ တဝက်လောက်ကို အိန္ဒိယနိုင်ငံက ထိန်းသိမ်းထားတာဖြစ်ပါတယ်။