ဆီးရီးယား အရေး အဆုံးသတ်ဖွယ် မမြင်လို့ ကလင်တန်ပြော

  • 24 ဇူလိုင် 2012
syria ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပို အနောက်ပိုင်းကို လက်နက်ကိုင် သူပုန်တွေ သိမ်း

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲမို့ ဆီးရီးယား အရေး ဟာ အဆုံးသတ်ဖွယ် မမြင်ဘူး လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။

ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့က အလက်ပို မြို့လယ် ကို ပြန်သိမ်းပိုက် နိုင်အောင်ကြိုးပမ်း နေတဲ့ အတွက် တစတစ နယ်မြေ အတော်များများ ကို သိမ်းပိုက်လာ နိုင်တဲ့ အတိုက်အခံ အင်အားစု တွေ အနေနဲ့ ကြားဖြတ် အစိုးရ ဖွဲ့နိုင်ရေး လည်း အသင့်ပြင်ထား ဖို့ လိုကြောင်း ဟီလာရီ ကလင်တန် က အကြံပြု ပါတယ်။

ဒါပေမယ့် ဆီးရီးယား အရေး လေ့လာ ကျွမ်းကျင်သူ တွေ ဖက်ကတော့ ဆီးရီးယား သမ္မတ အာဆတ် ကို ဖယ်ရှား နိုင်ရုံ နဲ့ နိုင်ငံ ဟာ တည်ငြိမ် အေးချမ်းမယ် လို့ မမြင်ကြ ပါဘူး။

ဆီးရီးယား ကို ထောက်ခံ အားပေးနေတဲ့ အထဲမှာ ရှီးယား ဟဇ်ဘိုလာ အဖွဲ့ ရှိသလို အီရန် နိုင်ငံ လည်းရှိနေပါတယ်။ ဆီးရီးယား သူပုန် အဖွဲ့ဘက် မှာလည်း ဆော်ဝ်ဒီ အာရေဗျ က ငွေအားနဲ့ရော လက်နက်ပါ ထောက်ပံ့နေတာ ဖြစ်လို့ပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းက အီရပ်မှာ ဗုံးခွဲ တိုက်ခိုက်မှု တွေ ကို ကြည့်ရင်လည်း ဆွန်နီ လက်နက်ကိုင် တွေ က အီရပ် အစိုးရ အဖွဲ့ထဲမှာ ရှီးယား တွေ အသာစီး ချုပ်ကိုင်မှု ရနေတာ ကို ဆန့်ကျင်တာ ဖြစ်သလို ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ဆီးရီးယား အစိုးရ မပါနိုင်ဘူး လို မဆိုနိုင်ကြောင်း အရှေ့ အလယ်ပိုင်း လေ့လာကျွမ်းကျင်သူ မက်ဒီ အဘ်ဒယ်ဟာဒီ က သုံးသပ်ပြပါတယ်။