ရေကြီးမှုသတင်းနဲ့ ပတ်သက်လို့ တရုတ်အစိုးရ ဝေဖန်ခံရ

  • 25 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မိုးကြီး ရေလျှံမှုကြောင့် ဘေဂျင်းမြို့ နေရာ အတော် များများ ထိခိုက်ပျက်စီးခဲ့

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ နှစ်ပေါင်း ၆၀ အတွင်း အသည်းထန်ဆုံး မိုးရွာသွန်း ခဲ့ရာမှာ သေဆုံးသူ ၃၇ဦး ရှိတယ်လို့ အာဏာပိုင်တွေက အစောပိုင်းက ကြေညာခဲ့ပေမယ့် သေဆုံးသူ စာရင်းကို ပြန်ပြင်ရဖို့ ရှိပါတယ်။

သေဆုံးခဲ့သူတွေရဲ့ စာရင်းကို လိမ်လည်ခဲ့တယ်ဆိုပြီး အာဏာပိုင်တွေကို တရုတ်လူမှုရေး ကွန်ယက် ဖြစ်တဲ့ Weibo website စာမျက်နှာမှာ တချို့က ဝေဖန် ရေးသားထားပါတယ်။

အာဏာပိုင်တွေအနေနဲ့ ကျွဲနွား တိရိစ္ဆာန် အသေအပျောက်စာရင်းကို အတိအကျ ကောက်ယူနိုင်တယ်၊ လူအသေအပျောက်စာရင်းကိုတော့ ဘာ့ကြောင့် မကောက်ယူနိုင်တာလဲ ဆိုပြီး တယောက်က မေးခွန်း ထုတ်ထားပါတယ်။

အရင်တုန်းက ဆိုရင် အစိုးရအပေါ် လူထုက ဒီလို ဝေဖန် မေးခွန်းထုတ်တာမျိုး တရုတ်နိုင်ငံမှာ မရှိခဲ့ဖူးပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့ ၃နှစ် Weibo website စာမျက်နှာ ဖွင့်ခဲ့ပြီးကတည်းက လူထုအနေနဲ့ သူတို့ရဲ့ အမြင်သဘောထားတွေကို ဖွင့်ဟ ပြောနိုင်တဲ့ ဟစ်တိုင်တခု ဖြစ်လာခဲ့ပါတယ်။

ဒီရေကြီးမှုကိစ္စအပေါ် အစိုးရ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တချို့က Weibo website စာမျက်နှာပေါ်ကနေ စိန်ခေါ် မေးခွန်းထုတ်ထားပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ အစိုးရပိုင် သတင်းစာတခုမှာ အရေးအကြောင်း ပေါ်လာ ရင်အစိုးရအနေနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိတယ်လို့ ရေးသား ဖေါ်ပြထားပြီး အစိုးရအပေါ် လူထုရဲ့ ယုံကြည်မှု ပျက်ပြားအောင် Weibo website က လုပ်နေတယ်လို့ ဆိုပါတယ်။

အခုအခါ Weibo website စာမျက်နှာကိုထိန်းချုပ်ဖို့ အာဏာပိုင်တွေက တိုးမြှင့်လုပ်လာနေပါပြီ။

ဒီအတောအတွင်းမှာပဲ ဘေဂျင်း မြို့တော်ဝန်နဲ့ ဒုတိယ မြို့တော်ဝန်တို့ ရာထူးကနေ နှုတ်ထွက်ကြောင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

သူတို့ နှုတ်ထွက်တာဟာ လုပ်ရိုးလုပ်စဉ် ရာထူးအပြောင်းအလဲကြောင့် ဖြစ်ပြီး ရေကြီးရေလျှံမှုကိစ္စနဲ့ မဆိုင်ဘူးလို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်လာမှာကို တားဆီးတဲ့အနေနဲ့ သူတို့ နှစ်ယောက်ရဲ့ နာမည်တွေကို weibo စာမျက်နှာမှာ ဖေါ်ပြခွင့်မရအောင် အာဏာပိုင်တွေက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။