တရုတ်နိုင်ငံရေးသမားဟောင်းရဲ့ ဇနီးသည် လူသတ်မှုနဲ့ တရားစွဲခံရ

  • 26 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီအရှုပ်တော်ပုံကိစ္စကြောင့် ချောင်းချင်း ပြည်နယ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်ရာထူး ကနေ ဘိုရှီလိုင်း နှုတ်ထွက်ပေးခဲ့ရ

တရုတ်နိုင်ငံမှာ နာမည်ပျက် နိုင်ငံရေးသမား ဘို ရှီလိုင်းရဲ့ ဇနီးသည် ဂူ ကိုင်လိုင် ကို လူသတ်မှုနဲ့ တရားဝင် တရားစွဲဆိုလိုက်ကြောင်း ရှင်ဝှာ သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် Neil Heywood နဲ့ စီးပွားရေး ကိစ္စ အငြင်းပွားခဲ့အပြီး ဂူကိုင်လိုင်ဟာ သူ့သားရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက် မိသားစု ကူဖေါ်လောင်ဖက်တဦးနဲ့အတူ မစ္စတာ Heywood ကို အဆိပ်ခတ် သတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွေက ဖေါ်ပြ နေတယ်လို့ ရှင်ဝှာ သတင်းထဲမှာ ဖေါ်ပြထားပါတယ်။

မစ္စတာ Heywood ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့က ချောင်ချင်း ပြည်နယ်က ဟိုတယ်ခန်းတခုမှာ သေဆုံးရက်သား တွေ့ခဲ့ရတာပါ။

မစ္စတာ Heywood ဟာ အရက်အသောက်လွန်ပြီး သေဆုံးခဲ့တာလို့ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ကနဦးမှာ ပြောခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလတုန်း ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘို ရှီလိုင်းရဲ့ ဇနီးဖြစ်သူကို စစ်ဆေးမေးမြန်းမယ်လို့ တရုတ်အစိုးရက ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

မစ္စတာ Heywood သေဆုံးခဲ့မှု ကိစ္စကနေ ဆက်နွယ်ပြီး ဘို ရှီလိုင်းလည်း ချောင်ချင်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချခံ ခဲ့ရပါတယ်။

အခုလို ဂူ ကိုင်လိုင်နဲ့ သူ့အကူတို့ကို တရားစွဲမယ် ဆိုတဲ့ သတင်းကို ဗြိတိန် အစိုးရက ကြိုဆိုလိုက်ပြီး မစ္စတာ Heywood သေဆုံးမှုအပေါ် တရုတ်အစိုးရက စုံစမ်း စစ်ဆေးမှုတွေ ဆက်လုပ်နေတာ တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်း ပြောပါတယ်။