ဆီးရီးယား အစိုးရ အလက်ပိုကို ချေမှုန်း

  • 29 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption သူပုန်တွေကတော့ ကြံ့ကြံ့ခံ နေဆဲဖြစ်ပြီး၊ အရပ်သားတွေ ကတော့ အစားအသောက် ပြတ်နေပါတယ်

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဟာ သူပုန်တွေရဲ့ အမာခံ မြို့ဖြစ်တဲ့ လက်ပိုမြို့ကို လက်နက်ကြီး တွေနဲ့ ထပ်မံ ပစ်ခတ် ချေမှုန်းနေရာ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က အီယန်ပင်နယ်က ပြောပါတယ်။

အစိုးရတပ်တွေက မနေ့ကလဲ တချိန်လုံး အမြောက်ကြီးတွေနဲ့ မြို့အရှေ့ဖက်ခြမ်းကို ပစ်နေပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း ထပ်ပစ် နေသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

အစိုးရက အလက်ပို တမြို့လုံးကို အပြင်းအထန် ဝင်တိုက်ပစ်မယ့် အခြေအနေ ထက်စာရင် တဖြည်းဖြည်းချင်း သူပုန်တွေ ခြေကုပ်ယူထားတဲ့ နေရာတွေကို ရှင်းနေပုံ ရတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးကလဲ ဒီကနေ့ပဲ သူပုန်တွေကို ချေမှုန်းပစ်မယ်လို့ ထပ်ပြောပါတယ်။ သူပုန်အဖွဲ့ ပြောခွင့်ရသူ ကတော့ အစိုးရတပ်တွေက လေယာဉ်တွေ၊ အမြောက်တွေ နဲ့ ပစ်နေတာကို ခုခံဖို့ နိုင်ငံခြား မိတ်ဆွေနိုင်ငံတွေက သူပုန်တွေကို လက်နက် ထောက်ပံ့ဖို့ တောင်းခံနေပါတယ်။

မြို့ထဲမှာတော့ လူတွေ အရပ်သားတွေ ရှိနေတုန်းပါပဲတဲ့၊ ဒါပေမဲ့ ကားကြီး ကားငယ်နဲ့ နေ့တိုင်း ထွက်ပြေး နေကြသူတွေလဲ အများကြီး တွေ့နေရတယ်လို့ သူကပြောပါတယ်။ မြို့ထဲမှာ စားနပ် ရိက္ခာတွေ ပြတ်နေပြီး မီးလဲပြတ် နေတယ်လို့ ဘီဘီစီက အီယန်ပင်နယ်က ပြောပါတယ်။

နိုင်ငံ အရှေ့ဘက် ဒဲဇိုးမြို့ မှာတော့ တိုက်ပွဲရန်ကနေ လွတ်အောင် လူတွေ ဘတ်စ်ကားတဲ့ ထွက်ပြေးကြရာ အဲဒီကားကို တင့်ကားကပစ်လိုက်တဲ့ အမြောက်ကျည်ထိမှန်လို့ လူ ၁၇ ဦးသေဆုံး သွားတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ