အာဖဂန် ပြန်လည်ထူထောင်ရေး အချိန်မှီ မပြီးနိုင်

  • 31 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် တပ်တွေ ၂၀၁၄မှာ အပြီး ရုတ်သိမ်းမယ်

အာဖဂန် နစ္စတန်မှာ ပြန်လည် ထူထောင်ရေး စီမံကိန်း အတော်များများဟာ မူလ ဆွဲထားတဲ့ အချိန်ဇယားအတိုင်း အမှီမလုပ်နိုင်ဘဲ နောက်ကျနေတဲ့အတွက် ၂ဝ၁၄ ခုနှစ် အမေရိကန် တပ်တွေ ရုတ်သိမ်းချိန်မှာ ဒီစီမံကိန်းတွေ မှန်းထားတဲ့အတိုင်း အဆင့်သင့် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်လို့ အမေရိကန်ရဲ့ တရားဝင် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါတွေဟာ ညံ့ဖျင်းတဲ့ စီစဉ် အကောင်အထည် ဖော်မှုတွေကြောင့် ဖြစ်ရတာလို့ အစီရင်ခံစာက ပြစ်တင်ထားပြီး ဒီစီမံကိန်းတွေ အတွက် မနှစ်တုန်းက ချပေးထားတဲ့ ငွေကြေး တော်တော် များများလည်း အလဟသ ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ဒါပေမယ့်လက်ရှိ အခြေအနေ ကနေ တိုးတက်လာအောင် ပြုပြင်ဖို့ အချိန်ရှိပါသေးတယ်လို့ ရေးထားပါတယ်။

အာဖဂန် နစ္စတန်မှာ လမ်းတံတားနဲ့ လျှပ်စစ် ဓါတ်အားပေး စက်ရုံ တို့လို အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ အမေရိကန်က ငွေကြေး ထောက်ပံ့ခဲ့တာ ဖြစ်ပြီး အာဖဂန် နစ္စတန် အစိုးရ ဆီမှာ ဒီ စီမံကိန်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။