အလက်ပိုမှာ ကြောက်ရွံ့မှု ကြီးစိုးလာနေ

  • 31 ဇူလိုင် 2012
aleppo
Image caption အလက်ပိုမှာ ပေါင်မုန့် ဝယ်ဖို့ တန်းစီနေတဲ့ လူတန်း

ဆီးရီးယား နိုင်ငံ အလက်ပိုမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ကုလသမဂ္ဂက အရပ်သားတွေ ရှိတဲ့ နေရာတွေမှာ လက်နက် ကြီးတွေ အသုံးပြုနေတာတွေကို ရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြို့ခံတွေမှာတော့ တနေ့တခြား ပိုပို စိုးရိမ် ကြောက် ရွံ့လို့ လာနေပါတယ်။

မြို့ထဲမှာ အစားအစာနဲ့ လောင်စာဆီတွေ ပြတ်လတ်လာနေပြီး မြို့ခံတွေခမျာ အခြေ အနေ ပိုဆိုးမလာခင် ထွက်ပြေးရကောင်းမလာလို့ စဉ်းစားနေကြတယ်လို့ မြို့ခံ တယောက်က အလက်ပို ဆင်ခြေဖုံး ရပ်ကွက်တခုမှာ ရောက်နေတဲ့ အိုင်းရစ်ရှ တိုင်းစ သတင်းစာက သတင်းထောက် မေရီ ဖစ်ဇဂျရယ်ကို ပြောပါတယ်။

အိုင်းရစ်ရှသတင်းထောက် ပြန်ပြောချက်အရ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ် တွေကို ကောင်းကင်မှာ တချိန်လုံး တွေ့နေရကြောင်း၊ မြို့ထဲက တချို့ နေရာတွေကို တိုက်ခိုက်တာ ရှိပေမယ့် တမင်သက်သက် ခြောက်တဲ့ အနေနဲ့ လေယာဉ်တွေ ဝဲပြတာလို့ မြို့ခံတွေက ယုံကြည်နေကြောင်း ပြောပြပါတယ်။

အစောပိုင်းက ကုလသမဂ္ဂ လေ့လာ စောင့်ကြည့်ရေး အဖွဲ့လည်း တိုက်ခိုက် ခံရ ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုကနေ ပစ္စည်းတွေ တင်ပြီး ထွက်ပြေးလာသူ တချို့

ကုလသမဂ္ဂက ဆီးရီးယားကို လေ့လာစောင့်ကြည့်ရေး အဖွဲ့လွှတ်ထားတာ လနဲ့ချီ ရှိပြီ ဖြစ်ပေမယ့် သူတို့ လည်း အင်မတန်မှ ခက်ခဲတဲ့ အခြေအနေတွေမှာ အလုပ် လုပ်နေရတယ်လို့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်က မှတ်ချက် ပေးပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်က ကုလ သမဂ္ဂက ကယ်ဆယ် ထောက်ပံ့ရေး အကူအညီ လိုနိုင်တဲ့ ဆီးရီးယား အရပ်သားတွေ အတွက် အစီအစဉ်တွေကို စ လုပ်နေခဲ့ပြီး အဲဒိတုန်းက အကူအညီ လိုနိုင်သူ အရေအတွက်ကို တသန်းခွဲလောက် ရှိမယ်လို့ မှန်းခဲ့ပေမယ့် အခုတော့ နှစ်သန်းထိ ရှိတယ်လို့ ပြောလာပါတယ်။

ဆီးရီးယား နိုင်ငံထဲမှာ ကုလသမဂ္ဂရဲ့ ဝန်ထမ်း တထောင်လောက် ရှိပြီး အများစုဟာ ဒေသခံတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ လခြမ်းနီ အဖွဲ့တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဘာဘရာ ပလက်က ပြောပါတယ်။

ဒီအတော အတွင်းမှာ ယူကေဆိုင်ရာ ဆီးရီးယား သံရုံး ယာယီ တာဝန်ခံနဲ့ သူ့ မိသားစု လန်ဒန်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ပြီး ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဒီသတင်းဟာ ဆီးရီးယား သမ္မတ အာဆတ်နဲ့ သူ့အပေါင်း ပါတွေ အတွက် ထိုးနှက်ချက်ပဲလို့ ပြောဆိုခဲ့ပါတယ်။

ဆီးရီးယား သံတမန်တွေထဲမှာ ပြည်ပကို ထွက်ပြေး ခိုလှုံတာ အခုဆို လေးယောက် ရှိသွားပြီ ဖြစ်ပါတယ်။

လစ်ဗျား အဖြစ်အပျက်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် လစ်ဗျားတုန်းက သံတမန်တွေ အစုလိုက် အပြုံလိုက် ဘက်ပြောင်းတာ ဖြစ်ပြီး အဲဒိထဲမှာ ကဒါဖီရဲ့ ကုလသမဂ္ဂ သံအမတ်ကိုယ်တိုင် ပါပါတယ်။

ဒါပေမယ့် အခုဆီးရီးယားမှာတော့ လစ်ဗျားလောက် မမြန်သေးပေမယ့် တဖြည်း ဖြည်းချင်း ပြိုကွဲလာနေတဲ့ပုံလို့ ပြောလို့ ရနိုင်ကြောင်း၊ ဒီတော့ အခု ဆီးရီးယား သံတမန်တွေ ဘက်ပြောင်းလာမှုဟာ အရေးပါတဲ့ဖြစ်ရပ် ဖြစ်ပေမယ့် အာဆတ် အတွက် မိုးပြိုတဲ့ အဖြစ်အပျက်မျိုးလိုတော့ မဟုတ်သေးကြောင်း ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်က နယူးယောက်ကနေ သတင်းပေးပို့ ထားပါတယ်။