သန်းဆုရှင်ရဲ့ ခြေတု လက်ဆောင်

  • 1 ဩဂုတ် 2012
lottery winner
Image caption ပျော်ရွှင်မှု မျှဝေသူ ဇနီးမောင်နှံ

ကင်ဆာရောဂါကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ကလေးငယ် ကီရန် မက်စ်ဝဲလ် ကို သန်းဆုရှင် ဇနီးမောင်နှံက စက်ခြေတု ဝယ်ယူ လှူဒါန်းမယ်လို့ ဆိုပါတယ်။

ကီရန် မက်စ်ဝဲလ်ဟာ ရှားရှားပါးပါး ကင်ဆာ ရောဂါ တမျိုးကြောင့် ပြီးခဲ့တဲ့ မတ် လတုန်းက ခြေတဖက် ဆုံးရှုံးခဲ့ရပါတယ်။

သူဟာ အသက် ၁၃ နှစ်သာ ရှိသေးပြီး လန်ဒန် အိုလံပစ်ပွဲအတွက် ဇွန်လတုန်းက မီးရှူးတိုင် သယ်ယူရာမှာ ပါဝင်ခဲ့လို့ သူ့ကို လူအများက မြင်တွေ့ခဲ့ကြ ရပါတယ်။

သူ့ရောဂါမျိုးဟာ တကမ္ဘာလုံးမှာ တနှစ်အတွင်း ကလေးငယ် ၃၀ လောက်သာ ဖြစ်ပွားတတ်တဲ့ ရောဂါမျိုးမို့ သူဟာ ကံမကောင်းလို့သာ ဒီရောဂါ ဖြစ်ပြီး ခြေတဖက် ဆုံးခဲ့ရတယ်လို့ ဆိုရပါမယ်။

ကောလင်း ဝီရာ နဲ့ ခရစ်စ် ဝီရာတို့ဟာ ထီပေါက်ပြီး ပေါင် ၁၆၁ သန်း ဆုငွေရခဲ့ပါတယ်။

ဒီလောက်များပြားတဲ့ ဆုငွေဟာ သူ့တို့ မောင်နှံရဲ့ ဘဝကို အပြောင်းအလဲ ဖြစ်စေခဲ့သလို ဆယ်ကျော်သက် ကီရန် ရဲ့ ဘဝကိုပါ အပြောင်းအလဲ ဖြစ်စေပါတယ်။

ဆယ်ကျော်သက် လူငယ် ကီရန် မက်စ်ဝဲလ်ဟာ အိုလံပစ် မီးရှူးတိုင် သယ်ယူလာစဉ်မှာ ခြေတဖက် ဆုံးရှုံးထားသူ ဖြစ်တဲ့ အတွက် ခြေတုတပ်ထားတဲ့ ဖက် ယိုင်လဲသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ရုပ်မြင်သံကြားမှာ မြင်ခဲ့ရတဲ့ ဝီရာ ဇနီးမောင်နှံဟာ ကီရန်ကို စက်ခြေတု ဝယ်ယူလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ လှူဒါန်းမယ့် စက်ခြေတုဟာ လူ့ကြွက်သား၊ လူ့အာရုံကြော၊ လူ့ခြေသလုံးရိုးတွေပုံစံအတိုင်း တီထွင် တပ်ဆင်ထားပြီး၊ လူ့ခြေထောက်နီးပါး သွားလာလှုပ်ရှား နိုင်မှာ ဖြစ်ပါတယ်။

ကီရန်ကို ခြေတု လှူဒါန်းမယ့် အကြောင်း သတင်းကို ကြားရတော့ ကီရန်ဟာ ဝမ်းသာလွန်းလို့ အော်ပြီး ထတောင်ကတယ်လို့ သူ့မိခင် နိကလပ်စ် ကပြောပါတယ်။