အတိုက်အခံ လက်ထဲ တင့်ကားတွေ ရောက်နေ

  • 2 ဩဂုတ် 2012
syria ဓာတ်ပုံ မူပိုင် Getty
Image caption အတိုက်အခံ ဖမ်းမိတဲ့ တင့်ကားတွေ ရှိနေပြီ

သုံးရက် အတွင်း အလက်ပိုမှာ တိုက်ပွဲတွေ ပို ပြင်းထန် လာတယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။

အတိုက်အခံ တပ်တွေက ဖမ်းမိတဲ့ တင့်ကားတွေလို လက်နက်ကြီးတွေ လက်ဝယ် ရှိနေပြီလို့ ကုလ သမဂ္ဂ က ဆီးရီးယားရောက် Sausan Ghosheh က ဆိုပါတယ်။

ဆီးရီးယား လွတ်မြောက်ရေး တပ်သား တွေ လက်ထဲမှာ အစိုးရ ရဟတ်ယာဉ်တွေ ကို ပြန်ပစ်နိုင်တဲ့ လေယာဉ်ပစ် ဒုံးကျည်တွေ ရထားကြောင်း ကြားသိရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အစိုးရ စစ်သွေးကြွ တွေလို့ စွပ်စွဲ ခံရသူတွေ ကို အလက်ပိုမှာ သူပုန် တပ်သားတွေ က ပစ်သတ် တဲ့ပုံ ပါတဲ့ ဗီဒီယို ကို အင်တာနက် မှာ တွေ့ရပါတယ်။

ဗီဒီယို ထဲမှာ ဒီလူ တွေကို ခြံဝင်း တခုထဲ ဆွဲထုတ်လာပြီး နံရံမှာ တန်းစီ ပစ်သတ်ထား တာကို တွေ့ရပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဆိုပါတယ်။

ဒီ သတ်ဖြတ်မှု တွေကို ရက်စက် ရမ်းကားမှု အဖြစ် အတိုက်အခံ ဆီးရီးယား အမျိုးသား ကောင်စီ လန်ဒန် ပြောခွင့်ရ အိုဘီဒါ နာဟက်စ်က ရှုတ်ချ လိုက်ပေမယ့် ခံခဲ့ရ သူတွေက လူသတ် သမားတွေကို လက်တုံ့ ပြန် နေကြတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောကြား ပါတယ်။

ဆီးရီးယား သူပုန် တွေ အပေါ် ဆက်ပြီး ထိုးစစ်ဆင်ခိုင်း နေတဲ့ သမ္မတ ဘရှား အာဆတ်ကို အမေရိကန် နိုင်ငံခြားရေး ဌာနက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ဆီးရီးယား ပြည်သူ တွေကို သတ်ဖို့ စစ်တပ်ကို စေခိုင်း နေတဲ့ မစ္စတာ အာဆတ် လုပ်ရပ်ကို သူရဲဘောကြောင်ပြီး စက်ဆုပ် ရွံရှာ စရာ ကောင်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဆီးရီးယား အနာဂတ်ဟာ လုပ်ကြံမှု ပေါင်းစုံကို ဖြိုခွင်း တိုက်ခိုက်နေတဲ့ တပ်ရဲ့ သူရ သတ္တိ ပေါ်မှာ မှီတည် နေတယ်လို့ မစ္စတာ အာဆတ်က တပ်ကို ပေးတဲ့ စာမှာ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ