ဆီးရီးယား ကုလ ကိုယ်စားလှယ် အာနန် နှုတ်ထွက်

  • 2 ဩဂုတ် 2012
anan ဓာတ်ပုံ မူပိုင် Getty
Image caption ဆီးရီးယားဆိုင်ရာ ကုလနဲ့ အာရပ် အဖွဲ့ချုပ် အထူး ကိုယ်စားလှယ် ကိုဖီ အာနန်

ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ် အထူး ကိုယ်စားလှယ် ကိုဖီ အာနန် လုံခြုံရေး ကောင်စီကို ဝေဖန်ပြီး ရာထူးက နှုတ်ထွက်သွားပါတယ်။

ဂျီနီဗာမှာ နှုတ်ထွက်လွှာ တင်ရာမှာ ကိုဖီ အာနန်က ဆီးရီးယား ပဋိပက္ခမှာ လက်နက်ကိုင် တပ်ဆင်ပေး မှုတွေ ပိုများလာပြီး လုံခြုံရေး ကောင်စီမှာလည်း ဆီးရီးယား ကိစ္စ တညီတညွတ်ထဲ တသံထဲ မထွက်တဲ့ အတွက် သူ့ကို ချပေးထားတဲ့ အခန်း ကဏ္ဍကနေ ဘာမှ ထိထိ ရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဖူးလို့ ပြောသွားပါတယ်။

ဆီးရီးယားမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်အောင် အချက် ခြောက်ချက်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ကိုဖီ အာနန်က တင်ပြခဲ့ပေမယ့် ဒီအစီအစဉ်ကို ဘယ်သူကမှ မလိုက်နာကြဘဲ ကနေ့ထိ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက် ဖြစ်နေပါတယ်။

ဆီးရီးယား ကိစ္စမှာ လုံခြုံရေး ကောင်စီရဲ့ ပြဌာန်း ဆုံးဖြတ်ချက်တွေကို ရုရှနဲ့ တရုတ်က ဗီတို သုံးခါသုံးပြီး ပယ်ချခဲ့ပါတယ်။

ဆီးရီးယား ပြည်သူတွေ အတွက် ထိထိရောက်ရောက် လုပ်ရမယ့် အချိန်မှာ လုံခြုံ ရေး ကောင်စီထဲမှာ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ အချိန် ကုန်နေတယ်လို့ ကိုဖီ အာနန်က ပြောပါတယ်။

ကိုဖီအာနန်ရဲ့ လက်ရှိ အထူး ကိုယ်စားလှယ် ရာထူးသက်တမ်း ကုန်ဖို့ တလ ကျန်သေးပြီး ဒီတလအတွင်းမှာ သူလုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နိုင် မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂက သံတမန်တွေက ပြောပါတယ်။

အာနန် အဆိုပြုချက် ခြောက်ချက်

ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပိုမြို့နားက တင့်ကား တိုက်ပွဲ

ကိုဖီ အာနန် အဆိုပြုတဲ့ အချက် ခြောက်ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ် အောင်မြင်ရေးဟာ သူမှအပ တခြား လူတွေရဲ့ လုပ်ဆောင်မှုပေါ် မူတည်နေပါတယ်။

အထူးသဖြင့် ဆီးရီးယား အစိုးရ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးမှုတွေကို ဟုတ်တိပတ္တိလုပ်ဖို့ လိုအပ်ပါတယ်။

လက်တွေ့မှာ ဒါမျိုး ဖြစ်မလာတဲ့ အပြင် လက်နက်ကိုင် တိုက်မှုတွေ ပိုတောင်မှ အရှိန်ရလာပါတယ်။

ဒါ့အပြင် အခု ဆီးရီးယား အထူး ကိုယ်စားလှယ် ရာထူးကို လက်မခံခင် ကတည်းက သူ့အစီအစဉ် အလုပ် လုပ်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆီးရီးယား နိုင်ငံထဲက သက်ဆိုင်သူ အားလုံးပေါ်မှာ စဉ်ဆက်မပြတ် ဖိအားပေးဖို့ လိုတယ်လို့ ပြောခဲ့ ပါတယ်။

ဒီအချက်တွေ မရခဲ့တဲ့ အတွက် သူ့အနေနဲ့ ဆက်လုပ်လည်း အကျိုးမထူးဘူးလို့ ယူဆပြီး နှုတ်ထွက်သွားတာလို့ ဘာဘရာ ပလက်က သုံးသပ်ပါတယ်။

တဘက်မှာ ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာလို့ မရနိုင်တာကို ကိုဖီ အာနန် ရာထူးက နှုတ်ထွက်မှုက ပြသနေပြီး ဆီးရီးယားရဲ့ ကံကြမ္မာကို လတ်တ လော ဖြစ်နေတဲ့ အဖြစ်အပျက်တွေက အဆုံးအဖြတ် ပေးဖွယ် ရှိတယ်လို့ ဆီးရီးယား အိမ်နီးချင်း လက်ဘနွန်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျင်မြူရာက မှတ်ချက်ပေးပါတယ်။

အောင်မြင်မှုတချို့ ရခဲ့

ကိုဖီ အာနန်ဟာ အခု ဆီးရီးယား အထူး ကိုယ်စားလှယ် ရာထူးကို ဧပြီ လလယ်က စ ယူခဲ့တာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ အောင်မြင်မှု တချို့ ရခဲ့ ပါတယ်။

ပထမ အနေနဲ့ မနှစ်က တနှစ်လုံး သဘော မတူ ဖြစ်နေတဲ့ လုံခြုံရေး ကောင်စီမှာ အားလုံး သဘောတူတဲ့ ဘုံရပ်တည်ချက် တခုကို ရအောင် ဖန်တီးနိုင်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ ရပ်ဖို့၊ လူသားချင်း စာနာတဲ့ စဉ်းစားချက်နဲ့ အထောက်အပံ့တွေ ပေးဖို့ စတာတွေမှာ ပြဌာန်း ဆုံးဖြတ်ချက် နှစ်ခု ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတင်ပြတဲ့ အချက်တချို့ကို အသေးစိတ် ဖော်ဆောင်ဖို့ လုပ်တဲ့ အခါမှာ သဘောမတူညီမှုတွေ ပေါ်ထွက်လာပြီး အလုပ်မဖြစ်တော့တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကိုဖီ အာနန်ဟာ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေတင်မက အာရပ် နိုင်ငံတွေရဲ့ ယုံကြည်မှုကိုပါ ရရှိထားသူ ဖြစ်ပြီး လုံခြုံရေး ကောင်စီ ကိုယ်နှိုက်က သံတမန်ရေး ကြိုးပမ်းမှုတွေ အတွက် အတား အဆီး ဖြစ်လာပြီး ဘယ်စေ့စပ် ဆွေးနွေးရေးသမား အတွက်မဆို အလုပ်လုပ်ဖို့ အင်မတန်မှ ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး စူဆန်ရိုင့်စက ရုရှနဲ့ တရုတ်တို့ကြောင့် သူ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထားကို ရောက်လာခဲ့ ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ