ဆီးရီးယားအရေး လုံခြုံရေးကောင်စီကို ပြစ်တင်ဖို့မဲခွဲ

  • 3 ဩဂုတ် 2012

ဆီးရီးယားအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနနဲ့ ဆီးရီးယားအစိုးရကို အရေးယူဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး လုံခြုံရေးကောင်စီကို ပြစ်တင် ရှုတ်ချဖို့ ကုလသမဂ္ဂ အထွထွေညီလာခံမှာ မဲခွဲ ဆုံးဖြတ်ဖို့ ပြင်နေပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ဆီးရီးယား သူပုန်တွေကို ထောက်ခံတဲ့ ဆော်ဒီအာရေဗျက တင်ပြတာဖြစ်ပါတယ်။

ကြာသပတေးနေ့ကလဲ ဆီးရီးယားအရေးအတွက် နိုင်ငံတကာ သံတမန် အဖြစ် တာဝန်ပေးထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က သူ့ငြိမ်းချမ်းရေး အစီအစဉ် တွေကို သမ္မတ အာဆတ်အစိုးရက မလိုက်နာတာရယ် လုံခြုံရေးကောင်စီအတွင်း ညီညွတ်မှုမရှိတဲ့ အချက်တွေကို ထောက်ပြပြီး နှုတ်ထွက်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။

ဆီးရီးယားကိစ္စကို လုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်တိုင်း သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ အင်အားကြီး ငါးနိုင်ငံမှာ ရှရှားနဲ့ တရုတ်က ဆီးရီးယားကိစ္စမှာ ၃ ခါဗီတို သုံးခဲ့ပြီး ပယ်ချခဲ့ပါတယ်။

ကိုဖီအာနန်ကလည်း ဆီးရီးယား အရေးကိစ္စမှာ အမေရိကန်က ဒီထက်ပိုပြီးလုပ်ဆောင်သင့်တယ်၊ အထူးသဖြင့် နိုင်ငံရေး ညှိနှိုင်းမှုမှာ အတိုက်အခံတွေ အပေါ်ပိုပြီး ဖိအားပေးသင့်တယ်လို့ ပြောတာတွေရှိပါတယ်။ ဒီလို ပြောဆိုမှုတွေရှိနေပေမယ့် အမေရိကန်ကလည်း လုံခြုံရေးကောင်စီပြင်ပမှာ သူတို့အစီအစဉ်နဲ့ သူတို့ ဆီးရီးယားအရေးအတွက် ကြိုးပမ်းတာတွေရှိနေတယ် လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် Kim Ghattas က ပြောပါတယ်။

လစ်ဗျားအရေးတုန်းက အကူအညီပေးတဲ့ ပုံစံမျိုးနဲ့ ဆီးရီးယား သူပုန်တွေကို အထောက်အပံပေးနိုင်မယ့် ညွှန်ကြားချက်ကို သမ္မတ အိုဘားမားက ဒီနှစ်ထဲမှာပဲ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိပ်ကို မသိရပေမယ့် အဲဒီအထောက်အပံပေးမယ့်ထဲမှာ ဆီးရီးယား သူပုန်တွေကို လေ့ကျင့် သင်ကြားပေးတာမျိုး၊ ဆက်သွယ်ရေး ကိရိယာပစ္စည်း ကူညီတာတွေ၊ သတင်းအချက် ဖလှယ်တာတွေ ပါနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကလုပ်မဲ့ ဆုံးဖြတ်ချက်က လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လို မဟုတ်ပါဘူး။ ပြစ်တင်ရှုတ်ချမယ်လို့ မဲခွဲ ဆုံးဖြတ်ခဲ့ရင်တောင် အဲဒီ ဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာ လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းနှောင်မှုမျိုး မပါပါဘူး။

အဓိကရည်ရွယ်ချက်ကတော့ လုံခြုံရေးကောင်စီက ဆီးရီးယားအရေးကိစ္စမှာ ပိုပြီး လုပ်ဆောင်လာအောင် ဖိအားပေးတာပါလို့ သုံးသပ်သူတွေက ပြောကြပါတယ်။