အလက်ပိုကို အစိုးရတပ်တွေ အလုံးအရင်းနဲ့ ဝိုင်းထား

  • 5 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန်တွေကတော့ ခံစစ်အတွက် ကောင်းကောင်း ပြင်ဆင် ထားတယ်လို့ ဆိုပါတယ်

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင် ၂ သောင်း လောက်ကို အလက်ပိုမြို့ ထဲနဲ့ မြို့ပြင် တဝိုက်မှာ ချထားတယ်လို့ ဆီးရီးယား စစ်ဖက်ဆိုင်ရာ သတင်းတွေ အရ သိရပါတယ်။

အစိုးရတပ်တွေဟာ သူပုန်တွေကို မြို့ကနေ မောင်းထုတ်နိုင်ဖို့ အတွက် အပြင်းအထန် တိုက်ခိုက်နေပါတယ်။ ဂျက်တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အမြောက်ကြီးတွေ သုံးပြီး မြို့ထဲက သူပုန်တွေ စိုးမိုးထားတဲ့နေရာတွေကို ပစ်ခတ်နေပါတယ်။

ဒါပေမယ်လို့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ သူပုန်တွေ ဘက်ကလည်း သူတို့ အင်အား အတော်များများကို မြို့ထဲမှာ ထည့်ဖြည့်ထားပြီး၊ ခံစစ်အတွက် ကောင်းကောင်း ပြင်ဆင်ထား တယ်လို့ ဆိုပါတယ်။

ဆီးရီးယား လွတ်မြောက်ရေးတပ်ဖွဲ့ ပြောခွင့်ရသူကလည်း အလက်ပိုမှာ Free Syriaan Army တပ်ဖွဲ့တွေဟာ မြို့နေရာ ၇၀ ရာခိုင်နှုန်း ကျော်ကို ထိန်းချုပ်ထား နိုင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် al arabiya
Image caption ဒီလူတွေဟာ အီရန် Revolutionary Gurad တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အတိုက်အခံတပ်ဖွဲ့က ပြောပါတယ်

မြို့တော် ဒမာ့စကပ်စ် မှာတော့ သူပုန်တွေရဲ့ နောက်ဆုံး လက်ကျန် အမာခံ နေရာတွေကို ပြန်သိမ်းလိုက်ပြီလို့ အစိုးရတပ်ဘက်က ပြောပါတယ်။ သူပုန်တွေ ကလည်း မြို့တော်မှာ သူတို့ နေရာယူထားတဲ့ နောက်ဆုံး ရပ်ကွက်ကနေ ပြန်လည် ဆုတ်ခွာ ခဲ့ပြီလို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ စနေနေ့က ပြန်ပေးဆွဲ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ အီရန် ဘုရားဖူး အဖွဲ့လို့ ယူဆရတဲ့ ဗီဒီယို မှတ်တမ်း တခုကို ဒူဘိုင်း အခြေစိုက် ရုပ်မြင်သံကြား ဌာနတခုက ပြသသွားပါတယ်။

အဖမ်းခံခဲ့ရသူ တချို့ကို ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် ဆီးရီးယားလွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေက ထိန်းသိန်းထားတာကို ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။

ဒီဘုရားဖူးအဖွဲ့ဟာ မြို့တော် ဒမာ့စကပ်စ်က ဘုရားကျောင်းတခုကို သွားရောက် ကြသူတွေ ဖြစ်တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။

ဒါပေမယ်လို့ ဖမ်းဆီးသူ တဦး ပြောတာကတော့ ဓားစာခံ ၄၈ ယောက်ဟာ ကင်းထောက်ဖို့ လွှတ်ထားတဲ့ အီရန် နိုင်ငံ Revolutionary Gurad တပ်ဖွဲ့ဝင်တွေ ဖြစ်တယ် လို့ ပြောနေတာကို ဗိဒီယို မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

ဒီလူတွေ ပြန်လွတ်ရေး ကူညီ ဆောင်ရွက်ပေးဖို့ ဆီးရီးယား အတိုက်အခံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ တူရကီနဲ့ ကာတာ နိုင်ငံတို့ကို အီရန်နိုင်ငံက အကူအညီ တောင်းခံထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ