အမေရိကန် ပြည်သူတွေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ လိုနေ

  • 7 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တယောက်ကို တယောက် လေးစားဖို့ အိုဘားမား ပြော

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Wiscons ပြည်နယ်က ဆခ် ဘုရားကျောင်းတခုမှာ ဝပ်ပြုသူ ခြောက်ယောက်ကို ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ ပြီးတဲ့နောက် အမေရိကန် ပြည်သူတွေ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်မှုတွေ လုပ်ရမယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက လူမြင်ကွင်း နေရာတွေမှာ ပစ်ခတ်မှု မျိုးစုံ ပုံမှန်လို ဖြစ်နေတာကြောင့် ဒီအကြမ်းဖက်မှုတွေ လျှော့သွားစေမယ့် နည်းလမ်းတွေ ရှာကြည့်ချင်တယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

FBI အဖွဲ့ ပြောခွင့်ရသူ အမျိုးသမီးကတော့ စစ်သားဟောင်း တယောက်ဖြစ်တဲ့ ပစ်ခတ်သူ သေနတ်သမားဟာ လူဖြူ လူမျိုးကြီး ဝါဒ ဆိုင်ရာ အဖွဲ့တွေ စပ်ဆက်မှု ရှိမရှိ ဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်က ရုပ်ရှင်ရုံ တခုမှာ အထီးကျန် သေနတ် သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ၁၂ယောက် သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။