ဆီးရီးယား ဝန်ကြီးချုပ် သူပုန်တွေနဲ့ ပူးပေါင်းပြီ

  • 6 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ ဟတ်ဂျပ်ကို ပြီးခဲ့တ နှစ်လကမှ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်

ဆီးရီးယား ဝန်ကြီးချုပ် ရီယာ့ဒ် ဟစ်ဂျပ် နဲ့ မိသားစုဟာ သမ္မတ အာဆတ်ကို အာခံပြီး အတိုက်အခံတွေနဲ့ ပူးပေါင်းသွားပြီ ဖြစ်ပြီး၊ အခုတော့ သူဟာ နယ်စပ်ကနေ ဖြတ်ကျော် ပြီး ဂျော်ဒန်နိုင်ငံထဲ ဝင်ရောက် သွားပြီ ဖြစ်တယ်လို့ ယူဆရပါတယ်။

ဂျော်ဒန်နိုင်ငံထဲမှာ ရှိတဲ့ သူ့ရဲ့ ပြောခွင့်ရသူက မစ္စတာ ဟစ်ဂျပ်ဟာ သူ့အဆို အကြမ်းဖက် အစိုးရကို အာခံပြီး၊ လွတ်မြောက်ရေးနဲ့ လူ့ဂုဏ် သိက္ခာအတွက် တော်လှန်ရေးနဲ့ ပူပေါင်းလိုက် ပြီ ဖြစ်ကြောင်း ကြေညာချက် တစောင်ကို ဖတ်ကြားသွားပါတယ်။

အခုလို ဝန်ကြီးချုပ် ဘက်ပြောင်းသွား တာဟာ သမ္မတ အာဆတ် အစိုးရ အနေနဲ့ အရှိုက်ကို အထိုးခံလိုက် ရတာ ဖြစ်တယ်လို့ အဲဒီ ဒေသမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခြား ဝန်ကြီး ၂ ပါးလည်း ဘက်ပြောင်းသွား ကြတယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမယ့်လို့ ဘဏ္ဍာရေး ဝန်ကြီး မိုဟာမတ် ဂျလိလာတီ ကတော့ ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ အဖမ်းခံ လိုက်ရပါတယ်။

ဘဏ္ဍာရေးဝန်ကြီးနဲ့ ပတ်သက်တဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကနေ ငြင်းဆိုသွားပါတယ်။ မစ္စတာ ဂျလိလာတီနဲ့ တယ်လီဖုန်း ကနေ မေးမြန်းထား တဲ့ အသံကို လွှင့်ထုတ်သွားရာမှာ ဂျလိလာတီဟာ သူ့ရုံးမှာ ပုံမှန် အလုပ်လုပ်နေကြောင်း ပြောတာကို ကြားရပါတယ်။

အလက်ပိုမြို့အခြေအနေ

ဓာတ်ပုံ မူပိုင် x
Image caption အဆောက်အဦးတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေကို အတိုက်အခံတွေက ထုတ်ပြန် ပါတယ်

အစိုးရတပ်ဖွဲ့တွေတော့ အလက်ပိုမြို့ စစ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေရာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ရပ်ကွပ်တွေကို လက်နက်ကြီးတွေနဲ့ အကြီးအကျယ် ပစ်ခတ် တိုက်ခိုက်နေပါတယ်။

တင့်ကားတွေ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်နေမှု အရှိန်ဟာ သိသိသာသာ တိုးမြင့် လာနေတယ်လို့ အဲဒီဒေသမှာ ရှိတဲ့ ဘီဘီ သတင်းထောက်က ပြောပါတယ်။

အစိုးရက လေကြောင်းကနေ တိုက်ခိုက်တဲ့ အတွက် အဆောက်အဦးတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေကို အတိုက်အခံတွေက ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကတော့ နိုင်ငံပိုင် ရုပ်မြင်သံကြား ထုတ်လွှင့်ရုံ အဆောက်အဦး ထဲမှာ ဗုံးပေါက်ကွဲတဲ့ အတွက် လူသုံးဦး ဒဏ်ရာ ရရှိသွားပြီး၊ အကြီးအကျယ် ပျက်ဆီးမှု တွေ ရှိခဲ့တာကို ထုတ်လွှင့်ပြသွားပါတယ်။

အဖမ်းဆီးခံ အီရန်တွေရဲ့ အခြေအနေ

ဓာတ်ပုံ မူပိုင် al arabiya
Image caption ဒီလူတွေဟာ သတင်း ထောက်လှမ်းရေး လုပ်ဖို့ ဆီးရီးယားကို ရောက်လာကြတာ ဖြစ်တယ်လို့ စွပ်စွဲထား ပါတယ်

ဆီးရီးယား သူပုန်တွေ ဖမ်းဆီးထားတဲ့ အီရန်လူမျိုး ၄၈ ဦးထဲမှာ အီရန် Revolutionary Guards က တပ်ဖွဲ့ဝင်တွေ ပါတယ်ဆိုတာ မဟုတ်ကြောင်း အပြင်းအထန် အီရန်နိုင်ငံက ငြင်းဆိုသွားပါတယ်။

အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟူစိန် အမီယာ အဗ္ဗဒူလာဟွန်း က ဒီအီရန်လူမျိုး အားလုံးဟာ ဆီးရီးယားကို ဘုရားဖူး သွားကြသူတွေ ဖြစ်ကြ တယ်လို့ ပြောပါတယ်။

ဆီးရီးယား သူပုန်တွေ ကတော့ ဒီလူတွေဟာ သတင်း ထောက်လှမ်းရေး လုပ်ဖို့ ဆီးရီးယားကို ရောက်လာကြတာ ဖြစ်တယ်လို့ စွပ်စွဲထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ