ဆီးရီးယား အစိုးရ ပြိုတော့မယ်လို့ အနောက်ပြော

  • 7 ဩဂုတ် 2012
Hijab ဓာတ်ပုံ မူပိုင် x
Image caption လွန်ခဲ့တဲ့ နှစ်လက ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေတဲ့ ရီယာဒ်ဟိဂျတ်

ဆီးရီးယားဝန်ကြီးချုပ် ရီယာဒ်ဟိဂျတ် သူပုန် ဘက် ပြေးလာပြီးနောက် အာဆတ် အစိုးရ ပြိုလဲ လာနေပြီလို့ အနောက် အစိုးရတွေက ပြောလိုက်ပါတယ်။

အခုဆိုရင် သူပုန်တွေဘက်က အရှိန် ရလာနေပြီလို့ အမေရိကန် အစိုးရက ပြောလိုက်ပြီး ပြင်သစ်ကလည်း အာဆတ် အစိုးရ အဖတ်ဆည်လို့ မရတော့ဘူးလို့ ပြောပါတယ်။

ဆီးရီးယား ဝန်ကြီးချုပ်ဟာ ဝန်ကြီးချုပ် ဖြစ်လာတာ နှစ်လသာ ရှိသေးပြီး မနေ့က သူ့မိသားစုနဲ့ အတူ သူပုန်ဘက် ပြေးလာပြီး အာဆတ် အစိုးရကို အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှုတွေ လုပ်နေတဲ့ အစိုးရ အဖြစ် ပြစ်တင် ရှုံ့ချ လိုက်ပါတယ်။

လောလောဆယ် သူဘယ်ရောက်နေလဲ မသိရသေးဘဲ ကာတာ နိုင်ငံကို ထွက်ခွာ သွားပြီလို့ တချို့ သတင်းတွေက ဆိုပါတယ်။

ဝန်ကြီးချုပ် ထွက်ပြေးလာတာနဲ့ ပတ်သက်ပြီး အရင် ဆီးရီးယား ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ တာဝန်ခံက အခုလို မှတ်ချက်ပေးပါတယ်။

ဒီအစိုးရဟာ ဆီးရီးယား အရပ်သားတွေကို သတ်နေတာ တနှစ်ခွဲ ရှိလာပြီ ဖြစ်ပြီး တရားဝင်မှုဟာ မုန်ညင်းစေ့လောက်တောင် မကျန်တော့ကြောင်း၊ ဝန်ကြီးချုပ် ဒေါက်တာ ဟိဂျတ် အနေနဲ့ လူသတ်မှုတွေ ကျူးလွန်နေတဲ့ အစိုးရကို စိတ်သန့်သန့်နဲ့ ဆက်ထောက်ခံနေဖို့ မဖြစ်နိုင်တော့ကြောင်း၊ အခုလို ထွက်ပြေးဖို့ နှစ်လလောက် အချိန်ယူပြီး စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ထွက်ပြေးလာတဲ့အတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက် လို့လည်း အခုလို ပြောပါတယ်။

အစိုးရ ပြိုလဲဖို့ တည်းတည်းလေးပဲ ကျန်ပါတော့တယ်၊ ဆီးရီးယား အစိုးရထဲက ရာထူး အကြီးဆုံး ဝန်ကြီးချုပ် အဆင့်က စ ထွက်ပြေးလာတာမို့ ဒီ ဖြစ်ရပ်ဟာ အာဆတ် အစိုးရအတွက် ပွဲပြတ်လောက်တဲ့ ထိုးနှက်မှုကြီး ဖြစ်တယ်လို့ ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

ဒီဖြစ်ရပ်ကြောင့် သူပုန်တွေ စိတ်ဓာတ် တက်ကြွလာပြီး မကြာခင်မှာ တိုက်ပွဲကို အဆုံးအဖြတ် ပေးမှာ ဖြစ် တယ်လို့ အရင် ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ တာဝန်ခံက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ရီယာဒ်ဟိဂျတ်ရဲ့ဇာတိဟာ ဆီးရီးယား အနောက်ပိုင်း က ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း အဲဒိ နိုင်ငံ အနောက်ဘက်ခြမ်းမှာ အစိုးရ ဗိုလ်ချုပ်ကြီးတွေ သူပုန်ဘက် ပြေးလာခဲ့ပါတယ်။

တနည်းအားဖြင့် အစိုးရဟာ ဆီးရီးယား အနောက်ပိုင်း ဒေသကို မထိန်းနိုင်တော့ဘဲ သူပုန်တွေဟာ မကြာခင် ဒီဒေသမှာ အခြေခံ စခန်း သွားဖွင့်ပြီး အဲဒိကနေ စစ် ဆင်ရေးတွေ လုပ်ဆောင် လာနိုင်တယ်လို့ အိမ်နီးချင် လက်ဘနွန်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ပေါဝုဒ်က မှတ်ချက် ပေးပါတယ်။

နောက်တခုက အခု ဘက်ပြောင်းလာတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် အစိုးရဟာ လူတွေကို ခြောက်လို့ မရတော့တာကို ပြနေပါတယ်။

ဆီးရီးယား အစိုးရထဲမှာ ထွက်ပြေးချင်တဲ့ အဆင့်မြင့် အရာရှိတွေ ရှိပေမယ့် ကြောက်လို့ ထွက်မပြေးရဲကြဘူးလို့ သိထားကြောင်း အစိုးရ အတွင်းစည်းထဲက လူတချို့နဲ့ စကား ပြောနိုင်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီအတောအတွင်းမှာ ဒမတ်စကတ်မြို့တော် တဝိုက်မှာ ရှိနေတဲ့ သူပုန်တွေကို အစိုးရက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေသုံး တိုက်ခိုက် ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံမှာ စူနီ မွတ်စလင်တွေဟာ ခြောက်ဆယ် ရာခိုင်နှုန်းလောက် ရှိပြီး အာဆတ် အစိုးရကို ပုန်ကန် တိုက်ခိုက်နေတဲ့ သူပုန်တွေထဲမှာလည်း စူနီ အာရပ် မွတ်စလင်တွေက အများစု ဖြစ်ပါတယ်။

သမ္မတ အာဆတ်ဟာ တိုင်းပြည်က အရေးကြီးတဲ့ နေရာတွေမှာ သူ့ရဲ့ အာလဝိုက် မျိုးနွယ်စုထဲက လူတွေနဲ့ ထင်ရှားတဲ့ စူနီ မွတ်စလင်တွေထဲက သူ ယုံကြည်စိတ်ချ သူတွေကို ခန့်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု အစိုးရဆီက ထွက်ပြေးလာသူတွေထဲမှာ အခု ဝန်ကြီးချုပ် အပါအဝင် အများစုဟာ စူနီ မွတ်စလင်တွေ ဖြစ်တာမို့ သမ္မတ အာဆတ် အနေနဲ့ သူယုံကြည် စိတ်ချရတဲ့ စူနီ မွတ်စလင် သိပ်မကျန်တော့ပဲ တဖြည်းဖြည်း အထီး ကျန်လာနေတယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်း အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က မှတ်ချက်ပေးပါတယ်။

ဆီးရီးယားက စူနီ ရှီးယား ကိစ္စဟာ တခြား အာရပ်နိုင်ငံတွေကိုပါ သက်ရောက်မှု ရှိပါတယ်။

အခု သူပုန်တွေကို ထောက်ခံနေတဲ့ ဆော်ဒီ အာရေဗျနဲ့ ကာတာတို့ဟာ သမ္မတ အာဆတ်နဲ့ ဆက်ဆံရေး ကောင်းတဲ့ ရှီးယား အီရန် နိုင်ငံကို စိုးရိမ်တဲ့ အတွက် သူပုန်တွေကို ထောက်ခံနေတာ ဖြစ်တယ်လို့ ဂျယ်ရမီ ဘိုဝင်က သတင်း သုံးသပ်ချက် ပေးထားပါတယ်။