Standard Chartered Bank ကို အမေရိကန် စွပ်စွဲပြောကြား

  • 7 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption စွပ်စွဲ ခံနေရတဲ့ ယူကေ အခြေစိုက် Standard Chartered ဘဏ်

လန်ဒန် အခြေစိုက် Standard Chartered ဘဏ်ဟာ အီရန်ကို ဒေါ်လာဘီလီယံ ၂၅ဝ ကျော် တရားမဝင် ငွေလွှဲပေးမှုတွေကို ဖုံးထားတယ်လို့ အမေရိကန်က ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့တခုက စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ငွေကြေး ခဝါချမှုကို တားမြစ်တဲ့ အမေရိကန် ဥပဒေတွေကို အီရန်က ရှောင်နိုင်အောင် Standard Chartered ဘဏ်က နှစ်ပေါင်းများစွာ အကူအညီ ပေးခဲ့တာကြောင့် စံချိန်တင်လောက်အောင် အမှားတွေ လုပ်ခဲ့တဲ့ ဆိုးသွမ်းတဲ့ဘဏ် တခုဘဲလို့ နယူးယောက်မြို့မှာ ရှိတဲ့ အာဏာပိုင်တွေက ဆိုပါတယ်။

အီရန် အပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သူတို့ဘဏ်က လိုက်နာမှု ရှိမရှိ ပြန်လည်သုံးသပ် နေပါတယ်လို့ Standard Chartered ဘဏ်ကြီးက ပြောပါတယ်။

ဗြိတိန်က နောက်ဘဏ်တခု ဖြစ်တဲ့ HSBC ဟာ ငွေကြေး ခဝါချမှုကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန် ဆီးနိတ် လွှတ်တော် အမတ်တွေက စွပ်စွဲ ပြောကြားမှု ပေါ်ပေါက်ခဲ့ပြီး သီတင်းပတ်ပိုင်း အတွင်းမှာ အခုလို Standard Chartered ဘဏ် အပေါ် တိုက်ခိုက် ပြောဆိုမှု ထွက်ပေါ် လာတာ ဖြစ်ပါတယ်။