မနီလာမြို့တော်မှာ ရေကြီးလို့ လူအသေအပျောက်ရှိ

  • 7 ဩဂုတ် 2012
manila_floods ဓာတ်ပုံ မူပိုင် Reuters
Image caption ရေကြားမှာ သွားလာနေကြရတဲ့ မနီလာ မြို့သူမြို့သားများ

ဖိလစ်ပိုင် နိုင်ငံ မြို့တော် မနီလာမြို့တော် နေရာအများအပြားမှာ မိုးကြီးပြီးတော့ ရေလျံနေပါတယ်။

လူ တွေသောင်းနဲ့ချီပြီလည်း မြေမြင့်တဲ့ နေရာတွေကို ရွေ့ပြောင်း နေကြရပါတယ်။ မိုးဆက်ကြီးနိုင်တဲ့ အခြေအနေကြောင့် စိုးရမ်မှုတွေလည်း ရှိနေကြ ပါတယ်။

မနီလာမြို့ရဲ့ နေရာအများအပြားမှာ တချို့က လူ့ရဲ့ ခါးလောက်ထိ ရေမြုပ်နေသလို တချို့ကလည်း လည်ပင်းလောက်ထိတောင် ရေတွေ မြုပ်နေပါတယ်။ မြို့ထဲက လမ်းမကြီးတွေ အများအပြားလည်း လုံးဝ သွားလို့ မရတော့ပါဘူး။ အစိုးရ မိုးလေဝသရုံးက အရာရှိကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတရပ်မှာ ဖော်ပြတာကတော့ Metro Manila ခေါ် မနီလာမြို့အတွင်းပိုင်းရဲ့ ၅၀ ရာခိုင်နှုန်း လောက်က ရေကြီး နေတယ်လို့ ဆိုပါတယ်။

ဒီလို ရေမြုပ်နေတာကတော့ တနင်္လာနေ့ နေ့လယ်ပိုင်းကစလို့ ၂၄ ရာရီကျော်ကြာ မိုးသည်းသည်းထန်ထန် ရွာသွန်းလိုက်တာကြောင့် ဖြစ်ပါတယ်။ ဒီမိုးကြီးမှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ရသလို မနီလာမြို့ပေါ်နဲ့ အနီးဝန်းကျင်က လူ နှစ်သောင်းလောက်ကိုလည်း သူတို့အိမ်တွေကနေ တခြားနေရာတွေကို ရွှေ့ပြောင်းထားရပါတယ်။

ကျောင်းတွေ၊ အစိုးရရုံးတွေလည်း အများစုက ပိတ်ထားရသလို ဖိလစ်ပိုင် စတော့စျေးနဲ့ အမေရိကန်သံရုံးအပါအဝင် နိုင်ငံတကာ သံတမန်ရုံးတချို့လည်း ပိတ်ထားပါတယ်။ ရထားနဲ့ ဘတ်စ်ကားတွေလည်း နေရာအများအပြားမှာ ရပ်ထားရပါတယ်။

လောလောဆယ်မှာ မနီလာမြို့ပေါ်က ဒီမိုးရေတွေကို သိုလှောင်ပေးတဲ့ အဓိက ဆည်ဖြစ်တဲ့ La Mesa ရေကာတာမှာလည်း ရေက လျံနေပါပြီ။ ဒါကြောင့် ရေကာတာ အောက်က နေရာတွေမှာလည်း လူတွေ ထောင်နဲ့ချီပြီး နေရာ ရွှေ့ပြောင်းနေကြပါတယ်။ ဒီလူတွေကလည်း မြေမြင့်တဲ့ နေရာတွေမှာ ရှိတဲ့ ခမ်းမတွေ၊ ဘတ်စ်ကက်ဘော ရုံတွေနဲ့ တချို့နေရာတွေမှာတော့ ဖြစ်သလို တဲထိုးပြီး နေနေရပါတယ်။

တကယ်တော့ မနီလာ မြို့တော်နဲ့ ဖိလစ်ပိုင် မြောက်ပိုင်းမှာ တိုင်ဖုန်း ဆောင်လာ နဲ့ ဆက်စပ်ပြီး ရာသီဥတု ဆိုးရွားမှု ဒဏ်ကို ခံနေရတာက တပတ်ကျော်လာပါပြီ။ ပြီးခဲ့တဲ့ တပတ်အတွင်းဆိုရင် မိုးကြီး လေကြီးတွေကြောင့် လူပေါင်း ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်ထိလည်း မိုးကတော့ ရပ်မယ့်ပုံမပေါ်သေးပါဘူး။

ဖိလစ်ပိုင်မှာ ရှိတဲ့ သဘာဝဘေးအန္တရာယ် လျော့ချရေးနဲ့ ထိန်းသိမ်းရေး ကောင်စီက ထုတ်ပြန်ချက်မှာတော့ ထိုင်ဝမ်အရှေ့တောင်ဘက် မိုင် ၂၀၀ လောက်ကနေ အခြေခံလာတဲ့ Haikui မုန်တိုင်းက ဖြစ်လာတဲ့ အနောက်တောင် မုန်သုန်မိုးဟာ ဆက်ပြီးတော့ ရွာသွန်းနိုင်နေဦးမယ်လို့ ကြေငြာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ