ပြန်ပေးဆွဲခံထားရသူတွေ အတွက် အမေရိကန် တာဝန်ရှိလို့ အီရန်ပြော

syria-kidnapped_iranian ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယားမှာ ပြန်ပေးဆွဲ ခံထားရတဲ့ အီရန်လူမျိုးများ

ဆီးရီးယား နိုင်ငံမှာ ပြန်ပေးဆွဲ ခံထားရတဲ့ အီရန် လူမျိုး ၄၈ ယောက်ရဲ့ အသက် အန္တရာယ် လုံခြုံရေး အတွက် အမေရိကန် ပြည်ထောင်စု အပေါ်မှာ တာဝန် ရှိတယ်လို့ အီရန်က ပြောလိုက် ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ဆီးရီးယားက အကြမ်းဖက် အုပ်စုတွေကို ကူညီနေတဲ့ လက်နက်တွေ တင်ပို့ပေး နေတဲ့ အတွက်ကြောင့် ဖြစ်လို့ ဆိုပြီး အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟော့စိန် အမီယာ အဗ္ဗဒိုလာဟင်းက ဝါရှင်တန်ကို အပြစ်တင်လိုက် ပါတယ်။

ဒီ ပြန်ပေးဆွဲ ခံထား ရသူတွေဟာ ဒမတ်စကတ်စ် မြို့တော်မှာ ရှိတဲ့ ရှီယာ မွတ်စလင် တွေရဲ့ ဘာသာရေး အထူးအမြတ် နေရာတွေကို သွားရောက် ဖူးမျှော် နေခဲ့ကြတာ ဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။

ဆီးရီးယား သူပုန်တွေဘက်ကတော့ အဲဒီလူတွေ အထဲမှာ ဆီးရီးယား စစ်တပ်အတွက် ထောက်လှမ်းရေး လာလုပ်ပေးတဲ့ အီရန်ရဲ့ တော်လှန်ရေး အစောင့် တပ်ဖွဲ့ဝင်တွေ ပါဝင် နေတယ်လို့ ဆိုပါတယ်။

အီရန် နိုင်ငံဟာ ဆီးရီးယား သမ္မတ အာဆတ်ဒ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပါတယ်။

ဒီ အီရန် လူမျိုးတွေကို ဖမ်းဆီးထားတဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်မတော်က တပ်မှုး တဦးဖြစ်တဲ့ ရီယတ်ဇ် အာဆတ်ဒ်က ဆီးရီးယား မှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ဒီလူတွေ ပါဝင် ပတ်သက်မှု ရှိမရှိကို မေးမြန်း ရဦးမယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

သူက ဒီလူတွေကို ဆီးရီးယား အစိုးရဘက်ကလည်း ပစ်မှတ်ထားပြီး လိုက်သတ်ဖြတ် နေတယ်လို့လည်း ပြောပါတယ်။

သူက ပြောကြားရာမှာ ဒီလူတွေဟာ ဒမတ်စကတ်စ်က သူပုန်တပ်ဖွဲ့ တခုထဲမှာ ရှိနေတာ ဖြစ်ပြီး အစိုးရ တပ်တွေက ပစ်ခတ်ခဲ့တဲ့ အတွက် အဲဒီ ထဲက ၃ ဦးသေဆုံး သွားခဲ့တဲ့ အကြောင်း၊ ဘာကြောင့် ဒီလိုလုပ်မှန်း မသိရကြောင်းနဲ့ ဒီ အီရန်လူမျိုး တွေကို နေရာပြောင်း ထားကြောင်း၊ အခုတော့ သူတို့ ဒမတ်စကတ်စ် မြို့မှာ ဘာလာလုပ် နေသလဲ ဆိုတာကို စစ်ဆေး မေးမြန်း နေတဲ့ အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ