ဆီးရီးယားအီရန် မဟာမိတ် အပျက်မခံလို့ အီရန်ပြော

  • 8 ဩဂုတ် 2012
syria iran ဓာတ်ပုံ မူပိုင် AFP
Image caption အီရန် လုံခြုံရေး အကြီးအကဲကို ဆီးရီးယား သမ္မတ လက်ခံတွေ့ဆုံ

ဆီးရီးယား နိုင်ငံဟာ အီရန် အတွက် အသက် သွေးကြောပမာ အရေးကြီးတဲ့ မဟာမိတ် နိုင်ငံ ဖြစ်ပြီး ဒီ ဒေသတွင်း မဟာမိတ် အဖွဲ့ကို အပျက် မခံနိုင်ဘူးလို့ အီရန် လုံခြုံရေး အကြီးအကဲက ပြောလိုက်ပါတယ်။

ဆီးရီးယား ဝန်ကြီးချုပ် သူပုန်ဘက် ထွက်ပြေးလာပြီး နောက်တရက်မှာ အီရန်က ဆီးရီးယား အစိုးရဘက်က ရပ်ပြလိုက်တာ ဖြစ်ပါတယ်။

အီရန် လုံခြုံရေး အကြီးအကဲ ဆာရိ ဂျလီးလီ ဆီးရီးယားမှာ ရောက်ရှိနေပြီး သမ္မတ အာဆတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သီတင်း နှစ်ပတ်တာ ကာလ အတွင်းမှာ ဆီးရီးယား သမ္မတ အာဆတ်ကို ပထမဆုံး ပြန်တွေ့ကြရတာလည်း ဖြစ်ပါတယ်။

အီရန် လုံခြုံရေး အကြီးအကဲက ခုခံတွန်းလှန်ရေး ဝင်ရိုးတန်း မဟာမိတ် အဖွဲ့မှာ ဆီးရီးယားဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဝင်ရိုးတန်း မဟာမိတ် အဖွဲ့ဆိုတာ လူသိရှင်ကြား တရားဝင် ဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ မဟုတ်ဘဲ သတင်းထောက်တွေကတော့ အီရန် လုံခြုံရေး အကြီးအကဲ ဆိုလိုတဲ့ မဟာမိတ်တွေထဲမှာ အီရန်၊ ဆီးရီးယား၊ လက်ဘနွန် နိုင်ငံထဲက ဟစ်ဇဘိုလာ ပြောက်ကြားတွေနဲ့ ပါလက်စတိုင်းက ဟားမားစတို့ ပါဝင်တယ်လို့ မှတ်ချက် ပေးကြပါတယ်။

ဆီးရီးယားဟာ အရှေ့ အလယ်ပိုင်းမှာ အီရန်ကို လိုလားတဲ့ အီရန်ရဲ့ အရေးကြီးဆုံး မဟာမိတ် နိုင်ငံတွေထဲ တခု အပါအဝင် ဖြစ်ပါတယ်။

Image caption အီရန်ကနေ လက်ဘနွန်နဲ့ ပါလက်စတိုင်းကို ဆက်သွယ်ရာမှာ ဆီးရီးယားဟာ အချက်အခြာကျ

ပထဝီ အနေအထားအရ အီရန်နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာ ပြောက်ကြားတွေ၊ နောက် ပါလက် စတိုင်းက ဟားမားစတို့နဲ့ အဆက်အသွယ် လုပ်ဖို့ ဆီးရီးယားဟာ ကြားခံ နိုင်ငံ ဖြစ်ပါတယ်။

နောက်တခါ ဆော်ဒီအာရေဗျနဲ့ အီဂျစ်တို့ကြား ဆက်ဆံရေးသစ် ထူထောင်လာနေမှုနဲ့ နိုင်ငံတကာ အရေးအခင်းတွေမှာ အီရန်က သူ့ ပြိုင်ဘက် အဖြစ် မြင်တဲ့ တူရကီရဲ့ အခန်းကဏ္ဍ ပိုကျယ်ပြန့်လာမှု တွေဟာ အီရန် အတွက် စိတ်ပူစရာတွေ ဖြစ်ပါတယ်။

ဆီးရီးယားမှာ အီရန် ဆန့်ကျင်တဲ့ အစိုးရ တက်လာခဲ့ရင် အီရန်ဟာ တနိုင်ငံထဲ အထီးကျန်ပြီး အဝိုင်းခံရတဲ့ အနေအထား ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် အီရန်ဟာ ဆီးရီးယားက အာဆတ် အစိုးရကို ကျားကန် ပေးရေးဟာ သူ့အကျိုးစီးပွား အတွက် အင်မတန်မှ အရေးကြီးနေပါတယ်။

အခုနောက်ဆုံး ဆီးရီးယားမှာ သူပုန်တွေက အီရန် နိုင်ငံသား လေးဆယ့်ရှစ် ယောက်ကို ဖမ်းဆီး ရမိလိုက်တယ်ဆိုတဲ့ သတင်းတွေကို ကြည့်ရင် အီရန် တော် လှန်ရေး ကာကွယ်စောင့်ရှောက်ရေး တပ်တွေ ဆီးရီးယားမှာ လှုပ်ရှားကောင်း လှုပ်ရှား နေနိုင်တာကို ပြနေပါတယ်။

အီရန်ကတော့ အခု ဆီးရီးယား သူပုန်တွေဖမ်းထားတဲ့ သူ့နိုင်ငံသားတွေဟာ ဘုရား ဖူးတွေလို့ ပြောပေမယ့် သူပုန်တွေကတော့ ဒီလူတွေဟာ အီရန် တော်လှန်ရေး ကာကွယ် စောင့်ရှောက်ရေးတပ်ကလို့ ပြောပါတယ်။

ဘယ်သူပြောတာ မှန်သလဲဆိုတာ အခု အချိန်မှာ ဘယ်လိုမှ သိနိုင်စရာ မရှိပေမယ့် အဖမ်းခံထားရသူတွေရဲ့ လုံခြုံရေးကို စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ