ဂူကိုင်လိုင်း အမှုကို စစ်ဆေးပြီးစီး

  • 9 ဩဂုတ် 2012
_hefei_court ဓာတ်ပုံ မူပိုင်
Image caption ဂူကိုင်လိုင်းကို စစ်ဆေးနေစဉ်

အရင်က တရုတ် နိုင်ငံရေး လောကမှာ ကျော်ကြား သူတဦးဖြစ်တဲ့ ဘိုရှီလိုင်းရဲ့ ဇနီး ဂူကိုင်လိုင်း ရဲ့ အမှုကို ဟဖေ မြို့မှာ ရုံးတင် စစ်ဆေးရာမှာ တရက် ထဲနဲ့ ပြီးဆုံးသွား ပါတယ်။

တရားရုံး အရာရှိက ဂူကိုင်လိုင်းဟာ အရင် ဗြိတိသျှ စီးပွားရေး သမား နဲ့ လုပ်ငန်းဖက် နီးလ် ဟေးဝုဒ်ကို သတ်တယ်ဆိုတဲ့ အထောက်အထား တွေဟာ ရှင်းလင်းပြီး လုံလောက်တဲ့ အကြောင်း ကို အမှုအပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွားပါတယ်။

သူမကို မကြာခင် ရက်တွေအတွင်းမှာ စီရင်ချက် ချမယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စကြောင့် သူမရဲ့ အမျိုးသား ဖြစ်သူဟာ တရုတ်ကွန်မြူနစ် ပါတီ အတွင်း နိုင်ငံရေး အလားအလာတွေ ပျက်စီးသွားခဲ့ ရပါတယ်။

ဂူကိုင်လိုင်းနဲ့ အိမ် အကူကို ဗြိတိသျှ စီးပွားရေး သမားကို ငွေကြေး ကိစ္စ အငြင်းပွားမှုကြောင့် သတ်ဖြတ်ခဲ့တယ် လို့ စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဗြိတိသျှ စီးပွားရေး သမား နီးလ်ဟေးဝုဒ်ကို သူမရဲ့ ခင်ပွန်း ဘိုရှီလိုင်း ကွန်မြူနစ်ပါတီ ရဲ့ အကြီးအကဲ အဖြစ်ဆောင်ရွက် နေခဲ့တဲ့ ချုံကင်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ သေဆုံး နေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဂူကိုင်လိုင်းကတော့ ဒီလို လူသတ်မှုနဲ့ စွဲချက် တင်ခဲ့တာကို ပြန်လည် ချေပခြင်း မရှိခဲ့ပါဘူး။ ရုံးတင် စစ်ဆေး ပွဲအပြီးမှာ တရားရုံးက အရာရှိက ပြောကြားရာမှာ ဂူကိုင်လိုင်းရဲ့ ရှေ့နေက ဒီလူသတ်မှု ပေါ်ပေါက် အောင် လုပ်ခဲ့ရာမှာ ဂူကိုင်လိုင်းလည်း တစိတ်တဒေသ ပါဝင်ခဲ့တယ်လို့ ယုံကြည်နေတဲ့ အကြောင်း၊ ဒီအမှုကို ကျူးလွန်စဉ်က သူမဟာ သာမန် လူတွေလောက် စိတ်မတည်ငြိမ် ခဲ့ကြောင်းနဲ့ ဒီအမှုမှာ ပါဝင်ခဲ့တဲ့ တခြားသူတွေကို သူမက ပါဝင် ဖော်ထုတ် ပေးခဲ့တဲ့ ကိစ္စကို ရုံးတော်က ထည့်သွင်း စဉ်းစား သင့်တယ်လို့ ထင်မြင်ကြောင်း တွေကို ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဟဖေ မြို့က ဘီဘီစီ သတင်းထောက်ကတော့ တရုတ် နိုင်ငံရေးနဲ့ တရားစီရင် ရေးတွေဟာ တခုနဲ့ တခု ရောထွေးယှက်တင် မှုတွေ အမြဲရှိနေတဲ့ အတွက် ဂူကိုင်လိုင်း ကိစ္စမှာလည်း တရားစွဲပြီး ဆိုကတည်းက ပြစ်ဒဏ် ကျခံရဖို့က ရှိနေပြီးသားလို့ ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ