သမ္မတဦးသိန်းစိန် တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့

  • 9 ဩဂုတ် 2012
သမ္မတ ဦးသိန်းစိန်နဲ့ တူရကီနိုင်ငံခြားရေး ဝန်ကြီး
Image caption သမ္မတ ဦးသိန်းစိန်နဲ့ တူရကီနိုင်ငံခြားရေး ဝန်ကြီး

OIC အစ္စလမ်နိုင်ငံများ ပူးပေါင်းရေး အဖွဲ့ဝင်ဖြစ်တဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Ahmet Davutoglu ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

အဓိက နှစ်နိုင်ငံ စီးပွားရေး ယဉ်ကျေးမှု ဆက်ဆံရေး နဲ့ဘက်စုံ ပူးပေါင်းဆောင်ရွက်ကိစ္စတွေ အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေ အကြောင်းလည်း ဆွေးနွေးကြပါတယ်။

ဇွန်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခတွေကြောင့် အစ္စလမ်နိုင်ငံတွေက မြန်မာနိုင်ငံကို ဖိအားအမျိုးမျိုးပေးရာမှာ အခု ဝန်ကြီးအနေနဲ့လည်း OIC ကိုယ်စား လာရောက်တာ မဟုတ်ပေမယ့် ရခိုင်ပြည်နယ်ကို ကွင်းဆင်း လေ့လာမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အခုအခါ အင်တာနက်တွေအပေါ်မှာ ရခိုင်ပြဿနာကို အမျိုးမျိုး ရေးသားနေရာမှာ မမှန်ကန်မှုတွေလည်းတွေ့ရ တဲ့အတွက် ခရီးစဉ်အတွင်း ဝန်ကြီးကိုယ်တိုင် လှည့်လည်ကြည့်ရှုမယ်ဆိုရင် အခြေအနေမှန်ကို သိနိုင်မှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။ ခရီးစဉ်အတွင်း ရခိုင်ဘက်ကရော မွတ်စလင်ဘက်ကဒုက္ခသည် စခန်းတွေကို ကြည့်ရှု မေးမြန်းခွင့်ပြုမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မျက်မြင်တွေ့ရှိချက်တွေကို ဘက်မလိုက်ဘဲ OIC အဖွဲ့ကို တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြန်ရှင်းပြမှာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက တူရကီဘက်ကကျဆုံးတဲ့စစ်သည်တွေရဲ့ စစ်သင်္ချိုင်းကိုလည်း ၂နိုင်ငံကြား ချစ်ကြည်ရေးအရ ပန်းခြံအဖြစ် တိုးမြှင့် ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးကြပါတယ်။

ဒီခရီးစဉ်မှာ ၂နိုင်ငံရင်းနှီး ချစ်ကြည်မှုတပိုင်းနဲ့ OIC ရဲ့ဖိအားတွေကြောင့် လက်တွေ့ ဖြစ်နေတာတွေကို စုံစမ်းလေ့လာလိုတဲ့အတွက် လာရောက်တာလည်း ဖြစ်တယ်လို့ ဦးဇော်ဌေးက ဘီဘီစီကို ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ