BBC navigation

ဘိုရှိလိုင် မိန်းမ လူသတ်ကြောင်း ဝန်ခံ

နောက်ဆုံး ရေးသားချိန် 11 သြဂုတ်လ 2012 - 00:43 GMT
heywood gu

အသတ်ခံရတဲ့ နေးဟေးဝုနဲ့ ဖြောင့်ချက် ပေးသူ ဂူကိုင်လိုင်း

တရုတ် ထိပ်တန်း ခေါင်းဆောင် နေရာကို ဆက်ခံနိုင်သူ အဖြစ် ထင်ကြေးပေးနေကြတဲ့ ကွန်မြူနစ်ပါတီရဲ့ မျိုးဆက်သစ် ခေါင်းဆောင် တွေထဲ တဉီး အပါအဝင် ဖြစ်သူ ဘိုရှိလိုင်ရဲ့ ဇနီးက ဗြိတိသျှ စီးပွားရေး သမား ဟေးဝုကို သတ်ကြောင်း တရားရုံးမှာ ဖြောင့်ချက်ပေး ခဲ့ပါတယ်။

ဗြိတိသျှ စီးပွားရေး သမား နေးဟေးဝုကို မနှစ်က နိုဝင်ဘာလက ချုံကင်းက ဟိုတယ်ခန်း တခုမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

အစပိုင်းမှာ ဗြိတိသျှ စီးပွားရေး သမားဟာ ရုတ်တရက် နှလုံးရပ် သေဆုံးသွားတာ လို့ မှတ်တမ်း တင်ခဲ့ပေမယ့် လေးလ အကြာမှာ ဘိုရှိလိုင်ရဲ့ လူယုံ ချုံကင်း ရဲချုပ် ဝမ်လီဂျွမ်းက အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ဝင်ပြေးပြီး နေးဟေးဝု သေဆုံးမှုမှာ နောက်ကွယ်မှာ မသမာမှုကြီးတွေ အကြီးအကျယ် ရှိနေတယ်လို့ ဖွင့်ချခဲ့ပါတယ်။

ဒီသေဆုံးမှုကြောင့် ဘိုရှိလိုင်ကိုယ်တိုင် မတ်လမှာ အရာကျပြီး ပါတီ စည်းကမ်း ဖောက်ဖျက်မှုနဲ့ စစ်ဆေး ခံနေရပါတယ်။

သူ့ရဲ့ ဇနီးသည် ဂူကိုင်လိုင်းရဲ့ အမှုကို မနေ့က စစ်ဆေးခဲ့ပြီး စစ်တဲ့ နေ့မှာဘဲ ဂူ ကိုင်လိုင်းက သူ သတ်ခဲ့တယ်လို့ ဖြောင့်ချက်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ချုံးချုံး ကျနေတဲ့ အတွက် သတ်မိတာလို့ ပြောပါတယ်။

ဂူကိုင်လိုင်းရဲ့ လက်ထောက် ကျန်းရှောင်ဂျွမ်းကလည်း လူသတ်မှုမှာ ပါဝင်ခဲ့တယ်လို့ ဖြောင့်ချက်ပေးပြီး တရားရုံးက လူသတ်မှုနဲ့အပြစ်ရှိတယ်လို့ အမိန့်ချရင် နှစ်ယောက် စလုံး သေဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်အပြင် ချုံကင်းက ထိပ်တန်း ရဲအရာရှိ လေးယောက်ကလည်း အမှုမှန် မပေါ်အောင် ဖုံးကွယ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဂူကိုင်လိုင်း အမှု မြန်နိုင်သမျှ မြန်မြန်နဲ့ တိတ်ဆိတ်နိုင်သမျှ တိတ်တိတ် ဆိတ်ဆိတ် အဆုံးသတ်သွားအောင် တရုတ် အစိုးရ အာဏာပိုင်တွေက နောက်ကွယ်ကနေ သေချာ စီစဉ်ထားပုံရတယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေးပါတယ်။

အမှု နှစ်ခုကို နှစ်ရက် အတွင်း စစ်ဆေးခဲ့ပြီး တရားခံ နှစ်ယောက်စလုံးက သူတို့ကို စွဲဆိုထားတဲ့ အမှုတွေကို မငြင်းဘဲ အပြစ်ရှိကြောင်း တန်းပြီး ဝန်ခံ ဖြောင့်ချက် ပေးခဲ့ပါတယ်။

နောက်တခါ ဘိုရှီလိုင်ရဲ့ လူယုံ အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ပြေးဝင်ခဲ့တဲ့ ဝမ်လီဂျွမ်းကိုလည်း တရုတ် အစိုးရက ရှေ့သီတင်းပတ်လောက်မှာ ရုံးတင် လိမ့်မယ်ဆိုပြီး ဟောင်ကောင်ထုတ် သတင်းစာတွေက ရေးပါတယ်။

သူပြီးရင် ဘိုရှိလိုင်ရဲ့ကံကြမ္မာကိုပါ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သတင်းထောက် တွေက မှတ်ချက်ပေးကြပါတယ်။

တရုတ်နိုင်ငံမှာ ဒီနှစ်ကုန်မှာ ပြုလုပ်မယ့် ခေါင်းဆောင် ရွေးကောက်ပွဲမတိုင်ခင် ပါတီတွင်း အာဏာလုမှုမှာ ဘိုရှိလိုင်ရဲ့ မိန်းမဟာ ဓားစာခံ ဖြစ်ခဲ့ရတာ ဖြစ် နိုင်တယ်ဆိုပြီး ယုံကြည်သူတွေ ရှိနေကြောင်း ပေကျင်း အခြေစိုက် သတင်း ထောက် တယောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။