အီရန် ငလျင်ကြောင့် လူ ၁၈၀ သေဆုံး

  • 11 ဩဂုတ် 2012
Iran Quake ဓာတ်ပုံ မူပိုင် AP
Image caption ငလျင်ဒဏ်သင့် နေရာတခု

အလွန် ပြင်းထန်တဲ့ ငလျင် နှစ်ခု ဆက်တိုက် လှုပ်ခတ် ခဲ့လို့ အီရန် နိုင်ငံ အနောက်မြောက်ပိုင်းမှာ လူပေါင်း ၁၈၀ သေဆုံးပြီး နောက်ထပ် လူပေါင်း ၁၃၀၀ ကျော် ဒဏ်ရာခဲ့ပါတယ်။

အခု ငလျင် တိုက်ခတ်ခဲ့ရာ နေရာဟာ တာဘရစ်ဇ်မြို့နဲ့ အာဟာ မြို့တွေ အနီးနားတဝိုက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အများဆုံး ထိခိုက်သေဆုံးကြသူတွေ ကတော့ မြို့စွန် မြို့ဖျားက ကျေးရွာတွေဖြစ်ကြပါတယ်။

ရွာတွေ တော်တော်များများကို ဆက်သွယ်ထားတဲ့ တယ်လီဖုန်း ကြိုးလိုင်းတွေလည်း ပြတ်တောက်ပျက်စီး ကုန်တဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောင်ရွက် ရာမှာ ပိုပြီး အခက်ကြုံကြရပါတယ်။

အမေရိကန် ဘူမိဗေဒ ဝန်ဆောင်မှု အဖွဲ့ကတော့ ဒီငရင် နှစ်ခုဟာ ပြင်းအား ၆ ဒသမ ၄ နဲ့ ၆ ဒသမ ၃ အသီးသီး ရှိကြတယ်လို့ ဆိုပါတယ်။

တာဘရစ်ဇ်က ဒေသခံတယောက်က ဘီဘီစီကို ပြောကြားရာမှာ လူတွေဟာ ငလျင် ဒဏ်ကြောင့် ထိတ်လန့်ခြောက်ခြား နေကြတယ်လို့ ဆိုပါတယ်။ လူတိုင်းဟာ လမ်းတွေ ပေါ်ကို အလုအယက် တက်နေကြပြီး သူနာပြုကား ဥသြသံတွေကလည်း နေရာတိုင်းမှာ ဆူညံနေတယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ အရှေ့ အဇာဘိုင်ဂျန် ပြည်နယ်ထဲက ဟာရစ်စ် နဲ့ ဗာဇကပ်ဘ် မြို့တွေဟာလည်း ငလျင် ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတယ်လို့ ကပ်ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီ အကြီးအကဲ တယောက်ဖြစ်တဲ့ ခါလီ ဆာအိ ကအစိုးရ ရုပ်မြင်သံကြားမှာ ပြောကြား သွားကြောင်း အေပီ သတင်းဌာန ကဆိုပါတယ်။

ပထမအကြိမ် ၆ ဒသမ ၄ ရစ်ချတာ စကေးရှိတဲ့ ငလျင် လှုပ်ခတ်ပြီးနောက် မိနစ် ၃၀ အကြာမှာ ပြင်းအား ၆ ဒသမ ၃ ရစ်ချတာ စကေးရှိတဲ့ ငလျင် တခု ဆက်တိုက် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

တချို့အိမ်တွေ တခြမ်းပဲ့ပြိုကျသွားပြီး တချို့ အိမ်တွေကတော့ လုံးလုံးလျားလျား အုတ်ပုံဘဝရောက်သွားကြပါတယ်။

နောက်ထပ် အသေးစား နောက်ဆက်တွဲ လှုပ်ခတ်မှုပေါင်း ၁၈ ကြိမ် လှုပ်ခတ်ပြီးပါပြီ။ လူတချို့က အုတ်ပုံတွေကြားမှာ ဆွေမျိုးတွေကို သွေးရူးသွေးတမ်း ရှာဖွေနေကြပါတယ်။

အာဏာပိုင်တွေကတော့ နောက်ထပ် ဆက်လက် လှုပ်ခတ်ကောင်း လှုပ်ခတ်နိုင်တဲ့ အန္တရာယ်ရှိသေးတာမို့ အပြင်ဘက် ဟင်းလင်းပြင်မှာ ထွက်နေကြဖို့ တိုက်တွန်းထားပါတယ်။

အနည်းဆုံး ရွာလေးရွာဟာ ရွာလုံးကျွတ်ပြိုကျပြီး အုတ်ပုံဘဝ လုံးလုံးကျရောက်သွား ကြသလို တဝက်ဒါမှ မဟုတ် ၇၀ ရာနှုန်းလောက် ပျက်စီးတဲ့ ရွာတွေကလည်း ၆၀ ထက်မနည်း ရှိတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြပါတယ်။

အပျက်အစီးတွေကြားကနေ အသက်ရှင်နေသေးသူပေါင်း ၂၀၀ကျော်ကို ကယ်ဆယ်ရေး အဖွဲ့က ကယ်ဆယ်နိုင်ခဲ့သလို သေဆုံးသူတွေကိုလည်း ထပ်ပြီး တွေ့နေရတာမို့ အခုရထားပြီးသား သေဆုံးသူစာရင်းဟာ ထပ်ပြီး တိုးပွား လာစရာ ရှိနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြပါတယ်။

အခုဆိုရင် အီရန်မှာ ညအချိန် ဖြစ်ပါတယ်။ အမှောင်ထုရဲ့ အဟန့်အတားအောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားရပါတယ်။

ဒါပေမဲ့ လူတွေကတော့ မအိပ်နိုင်ကြဘဲ စိုးရိမ်သောက ဖိစီးနေကြတယ်လို့ တာဘရစ်ဇ်မြို့ခံ တယောက်ဖြစ်တဲ့ အမီနာ ဇီယာက ဘီဘီစီကို ပြောပါတယ်။