မစ်တ်ရွမ်နီ ဒုသမ္မတလောင်း နာမည် ကြေညာ

  • 11 ဩဂုတ် 2012
Image caption အသက် ၄၂ နှစ်ပဲ ရှိသေးပေမဲ့ အတွေ့အကြုံ သိပ်မနည်းတဲ့ ကွန်ဂရက် လွှတ်တော်ရဲ့ ဘတ်ဂျက် ကော်မီတီ ဥက္ကဌ ဖြစ်ပါတယ်

လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် ရီပတ်ဘလီကင် သမ္မတလောင်း မစ်တ်ရွမ်နီ က ဒုတိယ သမ္မတလောင်း အဖြစ် ပေါလ်ရိုင်ယန် ကို ရွေးချယ်ကြောင်း ကြေညာလိုက်ပါတယ်။

ပေါလ် ရိုင်ယန်ဟာ အသက် ၄၂ နှစ်ပဲ ရှိသေးပေမဲ့ အတွေ့အကြုံ ကတော့ သိပ်မနည်းတဲ့ ကွန်ဂရက် အမတ် တယောက်ပါ။ သူ အသက် ၂၈ နှစ်မှာ ဝစ်စကွန်ဆင် ပြည်နယ် အမတ် ဖြစ်လာခဲ့ပြီး အခုဆို သက်တမ်း ၇ နှစ် ဆက်တိုက် အရွေးခံခဲ့ ရတဲ့ အမတ် ဖြစ်နေပါပြီ။

ပိုပြီး ထူးခြားတာကတော့ သူဟာ ဖက်ဒရယ် အသုံးစရိတ်ကို အဆုံးအဖြတ်ပေးရတဲ့ ကွန်ဂရက် လွှတ်တော်ရဲ့ ဘတ်ဂျက်ကော်မီတီ ဥက္ကဌပါ။ ရီပတ်ဘလီကင် အများစု လွှမ်းမိုး ထားတဲ့ ကွန်ဂရက်မှာ သူ ဦးဆောင်တဲ့ ဘတ်ဂျက် ကော်မီတီဟာ သမ္မတအိုဘားမား အစိုးရ တင်ပြတဲ့ ဘတ်ဂျက်နဲ့ အပြိုင် ဘတ်ဂျက်ကို တင်ပြခဲ့ပါတယ်။

သမ္မတ အိုဘားမား အစိုးရရဲ့ ဘဏ္ဍာရေး အစီအစဉ်တွေကိုလည်း ဝေဖန်ထောက်ပြပြီး သူတို့ရဲ့ သီးခြား အဆိုတွေကို တင်ခဲ့သူပါ။ သူ့ ဘတ်ဂျက်က အစိုးရ အသုံးစရိတ်ကို လျှော့ချမယ်။ အိုဘားမားရဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ဟာ အသုံးစရိတ်တွေ များလွန်းလို့ လျှော့ချမယ်။ ပင်စင် အသုံးစရိတ်ကို လျှော့မယ်။ တဖက်မှာလဲ အခွန်နှုန်း ထားတွေကို လျှော့မယ်လို့ ကြေငြာထားပါတယ်။ သူ့အစီအစဉ်ကို အောက်ခြေ ရီပတ်ဘလီကင် ပါတီဝင်တွေ ကတော့ ထောက်ခံကြတာ တွေ့ရပါတယ်။

ပေါလ် ရိုင်ယန်ဟာ ငယ်ရွယ်ပြီး ထက်မြက်သူပါ။ ပါတီတွင်းမှာလဲ တဖြည်းဖြည်း လူကြိုင်များလာတဲ့ အနာဂါတ် ခေါင်းဆောင်လောင်း တယောက်လို့ မှတ်ယူခံ ထားရသူပါ။ သူ့ကို ဒုတိယ သမ္မတလောင်း အဖြစ် မစ်တ်ရွမ်နီက ရွေးလိုက်တာဟာ ငယ်ရွယ်တဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ဖြစ်သလို၊ သူ့အစိုးရဟာ အမေရိကန် အနာဂတ် အတွက် အရေးကြီးတဲ့ စီးပွားရေး အပိုင်းကို ဦးစားပေး လုပ်သွားမယ်ဆိုတဲ့ အချက် ပြလိုက်တာပဲ လို့ သုံးသပ်သူတွေက ပြောပါတယ်။

အမေရိကန် မဲဆန္ဒရှင်တွေရဲ့ နှလုံးသားနဲ့ အနီးဆုံး ရှိနေတဲ့ အလုပ်အကိုင် ပြသနာ၊ စီးပွားရေး အလားအလာနဲ့ အခွန်အကောက် ကိစ္စတွေဟာ အခု သမ္မတ ရွေးပွဲ မဲဆွယ်ပွဲတွေမှာ အဆုံးအဖြတ် ပေးမယ့် ကိစ္စတွေ ဖြစ်လာ နိုင်ပါတယ်။

ပေါလ်ရိုင်ယန်ဟာ မစ္စတာရွမ်နီရဲ့ ဒုတိယ သမ္မတလောင်း ဖြစ်လာတော့ အမေရိကန်ရဲ့ အနာဂတ် အတွက် ဘယ်လမ်းကြောင်းက သွားသင့် သလဲဆိုတဲ့ အငြင်းအခုံဟာ ပိုပြီး ကျယ်ပြန့် လာနိုင်မယ့် သဘောတွေ့ရပါတယ်။

သမ္မတ အိုဘားမားတို့ ဒီမိုကရက်တွေက အစိုးရအသုံးစားရိတ် ဖြတ်တောက်တာကို ဆန့်ကျင်ပြီး တဖက်မှာတော့ ဘတ်ဂျက်လိုငွေပြမှုတွေကို ကာမိအောင်နဲ့ စီးပွားရေး တိုးတက်အောင် အခွန် တိုးကောက်တာကို ထောက်ခံပါတယ်။ ရီပတ်ဘလီကန်တွေ ကတော့ အစိုးရ အသုံးစရိတ်ကို လျှော့ချရမယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်း လေးတွေ ရင်းနှီး မြုပ်နှံမှု အားတက် လာအောင်နဲ့ အလုပ်အကိုင်တွေ ပေါလာအောင် အခွန်ကို လျှော့ချပေးတာကို အားပေးပါတယ်။

ဒီတော့ အခုနှစ် နိုဝင်ဘာမှာ လုပ်မယ့် သမ္မတ ရွေးကောက်ပွဲရဲ့ အဓိက စစ်မြေပြင် ဟာ စီးပွားရေး မူဝါဒ အပေါ်အများကြီး တည်နေတာ တွေ့ရလိမ့်မယ်လို့ အမေရိကန်က ဘီဘီစီ သတင်းထောက် အလက်စတာ လိသ်ဟက်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ