သမ္မတ မော်စီရဲ့ လုပ်ရပ် အီဂျစ်စစ်တပ် မကန့်ကွက်

  • 13 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတရဲ့ လုပ်ရပ်ကို ထောက်ခံသူ အစ္စလာမ်မစ်တွေ ထောင်နဲ့ချီပြီး၊ ထောက်ခံဆန္ဒပြ

အီဂျစ် နိုင်ငံမှာ အရပ်သား သမ္မတသစ် မိုဟာမတ်မော်စီ ကနေ စစ်တပ် အကြီးအကဲ နှစ်ဦးကို ရုတ်တရက် ရာထူးက ဖယ်ရှားလိုက်တဲ့ အပေါ် စစ်တပ်ရဲ့ မကျေနပ်တဲ့ တုံ့ပြန်မှုမျိုး မရှိဘူးလို့ စစ်ဖက်ဆိုင်ရာ သတင်း ရပ်ကွက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ကြေညာသွား ပါတယ်။

သမ္မတ မူဘာရက် ပြုတ်ကျပြီးနောက် စစ်ကောင်စီကို ဦးစီးခဲ့တဲ့ ဗိုလ်ချုပ်ကြီး မိုဟာမက် ဟူစိန် တန်တာဝီနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာမီ အာနန်တို့ကို ရာထူးကနေ ဖယ်ရှား လိုက်တာပါ။

သမ္မတသစ် မော်စီနဲ့ စစ်တပ်တို့ အားပြိုင်မှု ဖြစ်နေရာ ကနေ အခုလို သမ္မတက စစ်ခေါင်းဆောင် နှစ်ဦးကို ရာထူးက ရုတ်တရက် ဖယ်ရှား လိုက်တဲ့ အတွက် အီဂျစ်ပြည်သူ အများ အပြားက ကြိုဆိုနေကြ သလို တစ်ဘက်မှာလည်း သမ္မတဘက်က ဒီလို လုပ်နိုင်တဲ့ နောက်ကွယ် အကြောင်း အရင်းက ဘာလဲဆိုပြီး မေးခွန်းတွေ ထုတ်နေကြပါတယ်။

သမ္မတ မော်စီက ကြေငြာတာ ကတော့ ဒီလို စစ်ဗိုလ်ချုပ်တွေကို ရာထူးက ဖယ်ရှားတာဟာ တိုင်းပြည်ရဲ့ ကောင်းကျိုး အတွက် ရှေးရှုပြီး လုပ်တာလို့ ဆိုပါတယ်။ နောက်ပြီး မစ္စတာ မော်စီဟာ သူ့ကို ဥပဒေပြု အာဏာရော၊ အုပ်ချုပ်ရေး အာဏာကိုပါ ပိုမို ပေးအပ်ထားတဲ့ အခြေခံ ဥပဒေဆိုင်ရာ ကြေငြာချက်ကိုလည်း ထုတ်ပြန် ကြေညာ ခဲ့တယ်လို့ သိရပါတယ်။

ဒီအာဏာတွေဟာ သမ္မတဟောင်း ဟော့စနီ မူဘာရက် ပြုတ်ကြပြီးနောက် အခု ဖယ်ရှားခံရဲ့ ဗိုလ်ချုပ်ကြီးတွေ ရရှိခဲ့တာပါ။ တကယ်တော့ မစ္စတာ မော်ဒီဟာ ရွေးကောက်ပွဲ မတိုင်ခင် ကရော၊ ရွေးကောက်ပွဲပြီး သမ္မတ ဖြစ်လာတဲ့ အထိ သူ့မှာ အာဏာ ဘယ်လောက် ရှိမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။ စစ်တပ်နဲ့ တလျောက်လုံး အားပြိုင် နေခဲ့ပါတယ်။

အခုလို စစ်ခေါင်းဆောင်တွေ ဖယ်ရှား လိုက်နိုင်တဲ့ အတွက် ယေဘုယျ အားဖြင့် ပြောရရင်တော့ သမ္မတရဲ့ အောင်မြင်မှုပါ။ ဒီလို လွယ်လွယ် ကူကူ လုပ်နိုင်တာဟာ စစ်တပ်နဲ့ တိုင်ပင် ဆွေးနွေးမှု မလုပ်ပဲ လုပ်နိုင်ခဲ့တယ် လို့တော့ အီဂျစ်မှာ ဒီလို ယုံတဲ့သူက အနည်း အကျဉ်းပဲ ရှိပါလိမ့်မယ်။ အများစု ကတော့ စစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှပဲ ဒီလို လုပ်နိုင်မယ်လို့ ယုံကြပါတယ်။

အထူးသဖြင့် စစ်တပ်တွင်းမှာ နာမည် တက်လာတဲ့ စစ်ဗိုလ်ချုပ်တွေ၊ နောက်ပြီး အဲဒီထဲမှာ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို လိုလားသူ ဗိုလ်ချုပ်တွေနဲ့ တိုင်ပင် ဆွေးနွေးခဲ့ရတဲ့ သဘော ရှိပါတယ်။ အဲဒီ ဗိုလ်ချုပ်တွေ အနေနဲ့ သမ္မတ မူဘာရက် ပြုတ်ကျပြီးနောက် မူဘာရက်ရဲ့ ကျန်နေသေးတဲ့ ဒေါက်တိုင်တွ အဖြစ် အမြင်ခံရတဲ့ အခြေအနေကို သဘောကျပုံ မရပါဘူး။

စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းနေတာကို ပြန်လည် ဆယ်တင်နိုင်ဖို့ လိုပြီလို့ ယူဆကြတဲ့ သူတွေ ရှိနိုင်ပါတယ်။ ဒီလို လုပ်နိုင်ဖို့က သမ္မတ မော်စီနဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့နဲ့ တွဲလုပ်ဖို့က အဖြေ ဖြစ်နေပါတယ်။ ဒီလို သမ္မတရဲ့ လုပ်ဆောင်ချက်ကို လူအများက ကြိုဆို နေကြသလို တဘက်မှာလည်း လစ်ဘရယ် အမြင်ရှိသူတွေ၊ နောက်ပြီး ခရစ်ယာန်တွေ ဘက်က စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

စစ်တပ်နဲ့အတူ သမ္မတနဲ့ မွတ်ဆလင်ညီနောင်များ အဖွဲ့ဟာ နာမည်တက်လာပြီး အရင် စစ်တပ်ပုံစံ အာဏာမျိုးနဲ့ ချုပ်ကိုင် လာမှာကို စိုးရိမ်နေတဲ့ အတွက် သမ္မတ အနေနဲ့ ညှိနှိုင်း လုပ်ဆောင်ရမယ့် ရှေ့ခြေလှမ်းတွေကို အထူးဂရုစိုက် လုပ်ဖို့လည်း လိုလာတယ်လို့ ဘီဘီစီသတင်းထောက် Sebastian Usher က သုံးသပ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ