BBC navigation

အာဖဂန် အသေခံဗုံးခွဲမှု ငါးဆယ်နီးပါးသေ

နောက်ဆုံး ရေးသားချိန် 14 သြဂုတ်လ 2012 - 22:47 GMT
Afghanistan

ဗုံးထဲမှာ ဘောစေ့တွေ ထည့်ထားတာမို့ ဒဏ်ရာရသူ လည်း အမြောက်အများရှိ

အာဖဂန်နစ္စတန် အနောက်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ မနေ့ညက အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ငါးဆယ်လောက် သေပြီး တရာ ကျော် ဒဏ်ရာ ရသွားခဲ့ပါတယ်။

သေဆုံး ဒဏ်ရာရသူ အတော်များများဟာ အစ္စလာမ် ရာမာဒမ် ဥပုဒ်လကုန်ဆုံးတဲ့ အထိမ်းအမှတ် အဖြစ် ပွဲလုပ်ဖို့ စျေးတွေမှာ ဝယ်ခြမ်းနေတုန်း ဗုံးခွဲ တိုက် ခိုက်မှုနဲ့ သွားတိုးပြီး သေဆုံးရတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် အာလီမက်ကဘူးလက ပြောပါတယ်။

စျေးမှာ လူတွေနဲ့ ကြိတ်ကြိတ်တိုးနေတဲ့ အချိန်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်သူ အ နည်းဆုံး သုံးယောက်လောက်က ဖောက်ခွဲ သတ်ဖြတ်ခဲ့တာလို့ အာဖဂန် ရဲတပ်ဖွဲ့ကို ကိုးကားပြီး သူက ပြောပါတယ်။

ထောက်လှမ်းရေးက ရတဲ့ သတင်းတွေအရ အသေခံ ဗုံးခွဲ တိုက်ခိုက်မယ့်လူ ဆယ့် လေးယောက်လောက်ထိ ရှိပြီး တချို့ကို ဖမ်းဆီး ရမိခဲ့တာလို့ အာဖဂန် လုံခြုံရေး သတင်းရပ်ကွက်က ပြောပါတယ်။

ပထမ ဗုံးခွဲ တိုက်ခိုက်မှုဟာ နိုင်ငံ အနောက်တောင်ပိုင်း အီရန် နယ်စပ်နားက ဇရန့်ဂျ မြို့မှာ ဖြစ်ပြီး သုံးဆယ့်ခြောက်ယောက် သေဆုံးခဲ့ပါတယ်။

နာရီပိုင်း အကြာမှာ မြောက်ပိုင်းက ခွန်ဒွတ်ဇမြို့မှာ နောက်ထပ် တိုက်ခိုက်မှု တခု ဖြစ်ပြီး အဲဒိမှာ လူတဒါဇင် သေဆုံးခဲ့ပါတယ်။

အဲဒိမြို့မှာ သေဆုံးသူ အများစုဟာ စျေးသည်တွေ ဖြစ်ကြပြီး ဥပုဒ်နေ့ အပြီး လူတွေ စျေးထွက်ဝယ်ခါနီး အချိန်ကို တိုင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း အာဖဂန် လုံခြုံရေး တာဝန်ကို အမေ ရိကန်တွေ လက်ကနေ အာဖဂန်နစ္စတန် လုံခြုံရေး တပ်တွေ လက်ကို လွှဲပြောင်း ပေးမှုကို မူလ စီစဉ်ထားတဲ့ အတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ် ဂျိမ်းစ ကမ်နင်ဟမ်က ပြောပါတယ်။

အချိန် အတိုင်းအတာတခုထိတော့ အကြမ်းဖက် သတ်ဖြတ်မှုတွေ အတိုင်းအတာ တခုထိ ဆက်ရှိနေအုံးမှာ ဖြစ်ပြီး အဲဒိအတွက်ကြောင့်ပဲ လုံခြုံရေး ကိစ္စရပ်တွေမှာ အာဖဂန်နစ္စတန် အာဏာပိုင်တွေကို ဆက်အကူအညီ ပေးဖို့ ရေရှည် အစီအမံတွေကို ရေးဆွဲနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန် အနောက်တောင်ပိုင်းက Nimroz ပြည်နယ်ဟာ တခြား ပြည်နယ်တွေ ထက် အေးအေးချမ်းချမ်း ရှိပေမယ့် မကြာခင်ကစပြီး အကြမ်းဖက်မှုတွေ စ တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် စနေနေ့တုန်းက ဒီပြည်နယ်ထဲမှာဘဲ အာဖဂန် ရဲတယောက်က တခြား ရဲတွေကို ပစ်ခတ်ရာမှာ ရဲ ဆယ့်တယောက် သေဆုံးခဲ့ပါတယ်။

အရင် ပြည်ပ တပ်ဖွဲ့တွေနဲ့ အာဖဂန် လုံခြုံရေး တပ်တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက် နေရာကနေ အခုဆိုရင် အရပ်သားတွေပါ ပစ်မှတ်ထား တိုက်ခိုက်ခံလာနေရပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် နေတိုးအဖွဲ့က အာဖဂန်နစ္စတန်က အခြေအနေနဲ့ ပတ်သက်ပြီး အကောင်း မြင်တဲ့ ပြောဆိုမှုတွေ မကြာခင်က ပြောခဲ့ပေမယ့် ဘယ်လို အကြောင်းတရားတွေ ကို ကြည့်ပြီး အကောင်းမြင်နေသလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။