BBC navigation

အာရပ် နိုင်ငံသားတွေ လက်ဘနွန်က ထွက်ခိုင်း

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 00:37 GMT
kidnappers

လက်ဘနွန် ရုပ်သံမှာ ပြသသွားတဲ့ ပြန်ပေး သမားများ

ဆော်ဒီအာရေဗျနဲ့ ကာတာ အပါအဝင် အာရပ် နိုင်ငံတချို့က သူတို့ နိုင်ငံသားတွေ ပြန်ပေးဆွဲ ခံရနိုင်တဲ့ အန္တရယ် ရှိတာမို့ လက်ဘနွန်က အမြန်ဆုံး ထွက်ခွာကြဖို့ တိုက်တွန်းလိုက် ပါတယ်။

ခုရက်ပိုင်းတွေအတွင်း လက်ဘနွန် နိုင်ငံထဲမှာ စူနီ မွတ်စလင်တွေကို သြဇာ အာဏာ ရှိတဲ့ ရှီးယား မျိုးနွယ်စု တခုက ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားလာပြီးနောက် ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ ကာတာနဲ့ ကူဝိတ် နိုင်ငံတွေက အခုလို သတိပေး တိုက်တွန်းချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံ ဒမတ်စကာဒ်က ရှီးယား အနွယ်ဝင်တွေကို သူပုန်တွေက ပြန် ပေးဆွဲမှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ ခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

လက်ဘနွန် နိုင်ငံမှာ ထုတ်လွှင့် ပြသတဲ့ ရုပ်သံလိုင်းတခုမှာ ပြန်ပေးဆွဲ ခံရသူလို့ ပြောတဲ့ လူနှစ်ယောက်ကို မျက်နှာဖုံးစွပ် လက်နက်ကိုင် တစုက ဝိုင်းထားတဲ့ ပုံကို ပြသသွားပါတယ်။

ပြန်ပေးဆွဲ ခံထားရသူတွေရဲ့ မိသားစုဝင် တယောက်က ပြန်ပေးဆွဲထားတဲ့ ရှီးယား မွတ်စလင် မျိုးနွယ်စု အကြောင်း အခုလို ပြောပြပါတယ်။

ဒီမိသားစုမှာ စစ်တပ်သုံး လက်နက်တွေ ရှိတယ်၊ လက်ဘနွန် ပိုင်နက်ထဲက ဆီး ရီးယား နိုင်ငံသားတွေကို သူတို့တွေ ပြန်ပေးဆွဲနေကြတယ်လို့ ပြောသွားပါတယ်။

အခု ပြန်ပေးဆွဲမှုတွေဟာ ရာမာဒမ် ဥပုဒ်ကာလ အတွင်း ဖြစ်ပွားနေတာ ဖြစ်ပြီး ဆီးရီးယားက ပဋိပက္ခဟာ အပြင်ကိုပါကူးစက်လာတဲ့ လက္ခဏာလို့ပြောနိုင် ကြောင်း ဘီဘီစီ သတင်းထောက် ယူဆပ် တာဟာရာက ပြောပါတယ်။

စစ်တပ်သုံး လက်နက်တွေနဲ့ စစ်အင်အား အတိုင်းအတာ တခုထိ ရှိတဲ့ အယ်မက္က ဒက် ရှီးယား မိသားစုဟာ ဆီးရီးယား သူပုန်တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပြောတဲ့ လူနှစ်ဆယ်လောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတချို့အရ ဒီလူတွေဟာ လက်ဘနွန် မြို့တော် ဘေရွတ် မြို့က အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို သွားတဲ့ မော်တော်ကားလမ်း တွေကိုပါ ပိတ်ဆို့ထားပြီး ပြင်သစ် လေကြောင်းက လေယဉ်တစီးဟာ လုံခြုံရေးကြောင့် ဂျော်ဒန် နိုင်ငံကို ပျံသန်းသွားပြီး အဲဒိမှာ ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲခံရသူ အများစုဟာ ဆီးရီးယား နိုင်ငံသားတွေ ဖြစ်ပေမယ့် ဆော်ဒီ အာရေဗျ နိုင်ငံသား တယောက်နဲ့ တူရကီ နိုင်ငံသား တယောက်တို့လည်း လောလောဆယ် အဖမ်းခံထားရတာကြောင့် ဆီးရီးယားရဲ့ အိမ်နီးချင်း နိုင်ငံတွေက သတိပေး တိုက်တွန်းချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ရတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ယူဆပ် တာဟာရာက ပြောပါတယ်။

လက်ဘနွန် ဝန်ကြီးချုပ်နဲ့ သမ္မတတို့က အခု ပြန်ပေးဆွဲမှုတွေကို ပြစ်တင် ရှုံ့ချ ခဲ့ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်တွေ နိုင်ငံခြား ထွက်ပြေးကြရာမှာ လက်ဘနွန် နိုင်ငံထဲမှာလည်း တခြား အိမ်နီးချင်း နိုင်ငံတွေမှာလို ဆီးရီးယား ဒုက္ခသည်တွေ ထောင်သောင်းချီ ရှိနေပါတယ်။

ဒါပေမယ့် ကွာတာက လက်ဘနွန် နိုင်ငံထဲက နိုင်ငံရေး၊ ဘာသာရေး ယုံကြည်မှု ကွဲပြားမှုတွေဟာ တခြား နိုင်ငံတွေထက် ပိုပြီး အတိမ်းအစောင်း မခံတဲ့ အတွက် အခု ဆီးရီးယား အကျပ်အတည်းကြောင့် လက်ဘနွန်ဟာ ပြည်တွင်းစစ် ပြန် ဖြစ်တဲ့ထိ ဖြစ်သွားနိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

မကြာသေးခင် ရက်တွေ အတွင်းက လက်ဘနွန်က ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ ထရီပိုလီမှာ ဆီးရီးယား သမ္မတ အာဆတ်ကို ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေ လမ်းပေါ်မှာ သေနတ်တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကိုက ဒီအချက်ကို သက် သေခံနေတယ်လို့ သတင်းထောက်တွေက မှတ်ချက် ပေးကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။