BBC navigation

အီကွေဒေါ နိုင်ငံက ဝီကီလိ ထူထောင်သူကို ခိုလှုံခွင့်ပေး

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 17:17 GMT
Assange Supporters

ဂျူလီယန် အာဆန့်ဂျ် ကို ထောက်ခံမှု ပြကြ သူများ

ဝစ်ကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန့်ဂျ် ကို လန်ဒန် မြို့က သူတို့ သံရုံးထဲမှာ ၂ လ လောက် နေခွင့် ပေးခဲ့ပြီး ဖြစ်တဲ့ အီကွေဒေါ နိုင်ငံက အခုတော့ သူ့ကို ခိုလှုံခွင့် ပေးလိုက်ပါတယ်။

ဒါကလည်း ဆွီဒင် နိုင်ငံမှာ သူ့ကို လိင်စော်ကား မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ ရုံးတင် စစ်ဆေးခံရမယ့် အခြေအနေကနေ ကာကွယ် နိုင်အောင် လို့ ဖြစ်ပါတယ်။

အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီး ရီကာဒို ပါတီနို ကလည်း သူ့ကို ဆွီဒင် နိုင်ငံမှာသာ ရုံးတင် စစ်ဆေး ခွင့် ပေးခဲ့ရင်တော့ အဲဒီ ကနေ တဆင့် တချိန်က အမေရိကန်တွေရဲ့ သံတမန်ရေး ဆိုင်ရာ သတင်း ပေါက်ကြားမှုတွေ အတွက်ပါ တရားစွဲဆိုပြီး ရုံးတင် စစ်ဆေး ခံရဖို့ အမေရိကန် အထိ ပို့ပစ် ခံရမယ့် အန္တရာယ်မှာ ရှိနေတယ် လို့ ဆိုပါတယ်။

အဲဒီမှာ မေးစရာ ရှိတာက မစ္စတာ အက်ဆန့်ဂျ်ဟာ ဒီလို ခိုလှုံခွင့် လျှောက်ထား ဖို့ အကျုံးဝင် ပါသလား ဆိုတာပါ။

လူတဦး အနေနဲ့ သူနေရင်း နိုင်ငံမှာ လူမျိုး၊ ဘာသာ ၊ အသင်းအဖွဲ့ နဲ့ နိုင်ငံရေး ယုံကြည်မှု စတဲ့ အကြောင်း တချက်ချက် ကြောင့် ရုံးတင် စစ်ဆေး ခံရဖို ရှိနေပြီ ဆိုရင် နိုင်ငံတနိုင်ငံကို ခိုလှုံခွင့် လျှောက်လို့ ရနိုင်ပါတယ်။

သူ့ကို ထောက်ခံသူတွေက မစ္စတာ အက်ဆန့်ဂျ်ဟာ နိုင်ငံရေး ခံယူချက် တွေကြောင့် တရားစွဲဆို ခံရလောက်တဲ့ အခြေအနေတွေနဲ့ ရင် ဆိုင်နေရတယ် လို့ ပြောနေကြပါတယ်။ ဒါပေမယ့်လို့ နေရင်း ဖြစ်တဲ့ သြစတေးလျ မှာ ဒီလို စွဲဆို ခံရဖို့ တွေ ရှိနေတာကို သက်သေ ပြဖို့တော့ ခက်ပါလိမ့်မယ်။

အခု တရားစွဲထားတဲ့ ဆွီဒင်ကလည်း သူ့ရဲ့ ဝစ်ကီလိခ်ကြောင့် ဆွဲတာ မဟုတ်ဘဲ ပြစ်မှုတွေကျူးလွန် ထားလို့ စွဲဆိုထားတာ ဖြစ်နေပါတယ်။ ပြီးတော့ သူဆွီဒင်ထက် ကြောက်တဲ့ အမေရိကန်ကလည်း ခုထက်ထိတော့ သူ့ရဲ့ ဝစ်ကီလိခ် ကိစ္စတွေနဲ့ စွဲဆိုဖို့ ကို မလုပ်သေးပါဘူး။

ဒီတော့ကာ ဗြိတိန်နဲ့ အီကွေဒေါ နှစ်နိုင်ငံအကြားမှာ နိုင်ငံရေး ကိစ္စကြောင့် စွဲဆို ခံရတာ မဟုတ်တဲ့ အတွက် ဒုက္ခသည် တွေ အပေါ် သတ်မှတ်ချက် တွေအရ ခိုလှုံခွင့် ပေးသင့် မပေးသင့် ကို အငြင်းပွား နေခဲ့ကြတာပါ။

အက်ဆန့်ဂျ်က အက်ကွေဒေါ သံရုံးကို ရွေးရတဲ့ အကြောင်းရင်း

အက်ဆန့်ဂျ် အက်ကွေဒေါကို ရွေးချယ်ရတာက လွန်ခဲ့တဲ့ ၂၀၁၀ က အက်ကွေဒေါ ဒုတိယ နိုင်ငံခြား ရေး ဝန်ကြီးက သတင်းတွေ လွတ်လပ်စွာ တင်နေ နိုင်ဖို့ မစ္စတာ အာဆန့်ဂျ် ကို သူတို့ နိုင်ငံမှာ နေထိုင်ခွင့် ပြုမယ် လို့ ပြောဖူး ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါဟာ ဒုတိယ နိုင်ငံခြား ရေး ဝန်ကြီးရဲ့ ကိုယ်ပိုင် သဘောထား သာ ဖြစ်တယ်ဆိုပြီး အီကွေဒေါ သမ္မတ က ပြန်လျောချ ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်း မှာ ဝစ်ကီလိခ်ကို ချီးမွမ်း နေတဲ့ အဲဒီ သမ္မတ မစ္စတာ ကော်ရဲရာ နဲ့ ရုပ်မြင် အင်တာဗျူး လုပ်ခဲ့ အပြီး မှာ သတင်း လွတ်လပ်ခွင့်နဲ့ မီဒီယာ တွေရဲ့ အပျက် သဘော ဆောင်တတ်တဲ့ ကိစ္စတွေ ကို အခြေခံပြီး သူတို့ နှစ်ဦး တော်တော် ရင်းနှီး သွားခဲ့ပါတယ်။

အခုကိစ္စမှာ အက်ဆန့်ဂျ်က ဗြိတိန်ရဲ့ ဥပဒေကို ချိုးဖောက်ခဲ့သလား

သူ့ကို ဆွီဒင်က ဖမ်းဝရမ်း ထုတ်လိုက် အပြီးမှာ ဗြိတိန်က ဒီကိစ္စကို စဉ်းစား နေစဉ် အတွင်း သူ့ကို ကန့်သတ်ချက် တွေပါတဲ့ အာမခံနဲ့ နေခွင့် ပေးထား ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက ဒါကို ချိုးဖောက်ပြီး သံရုံးထဲဝင်သွား ခဲ့တာဆိုတော့ သူ့ကို ဖမ်းမယ်ဆို ဖမ်းလို့ ရပါတယ်။ ရဲဘက်ကလည်း ဖမ်းလို့ အခြေအနေပေး တာနဲ့ ဖမ်းမယ်ဆိုပြီး ပြောထား ပါတယ်။

ဘာကြောင့် သံရုံးထဲ ဝင်မဖမ်း သေးတာလဲ

သံရုံးထဲကို ရဲက ဝင်ဖမ်းဖို့က သက်ဆိုင်ရာ သံအမတ်ရဲ့ ခွင့်ပြုချက် မရဘဲ ဘယ် နိုင်ငံရဲ့ ရဲတပ်ဖွဲ့မှာ သံရုံး တွေထဲထိ ဝင်ဖမ်းတာမျိုး လုပ်လို့ မရပါဘူး။ ဒီဥပဒေကိုလည်း ၁၉၆၁ က သံတမန် ရေးရာ ဗီယန်နာ သဘောတူညီချက်မှာ အတည်ပြုထား ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျော့ ဝါရှင်တန် တက္ကသိုလ်က ပါမောက္ခ ဂျွန်နသန် တာလီကတော့ တကယ်လို့ ဝင်ဖမ်း ချင်ရင်လည်း ၁၉၈၇ DIPLOMATIC AND CONSULAR PREMISES ACT အရ သံရုံး မြေဟာ အများ ထင်သလို အဲဒီသံရုံး ပိုင် နိုင်ငံက မဟုတ်ဘဲ အိမ်ရှင် နိုင်ငံပိုင် ပဲ ဖြစ်ပါ တယ်တဲ့။ အထဲက သံရုံးကသာ သံတမန် အခွင့်အရေးက ကာကွယ် ထားတာ ဖြစ်လို့ ဗြိတိန် အစိုးရက သံရုံးမြေ နေရာကို ပြောင်းပြီး သတ်မှတ်တာ မျိုး လုပ်ချင် လုပ်လို့ ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူ့အမြင်အရ ဆိုရင် ဒီလောက် အထိတော့ လုပ်လိမ့်မှာ မဟုတ်ဘူး၊ ဘာကြောင့်လည်း ဆိုတော့ အာဆန့်ဂျ် ဟာ အီကွေဒေါ အထိ ရောက်ဖို့ အရင်ဆုံး အင်္ဂလိပ် မြေကို ဖြတ်ရမှာ ဖြစ်တာကြောင့်လို့ ပြောပါတယ်။ ဒီတော့ သူ့ အထင်အရ အာဆန့်ဂျ် အီကွေဒေါ အထိ ရောက်ဖို့ သိပ် မလွယ်လှ တဲ့အကြောင်းနဲ့ အင်္ဂလိပ်တွေက အသာ ထိုင်စောင့် နေရုံသာ လိုတဲ့ အကြောင်း၊ အဲဒီလို သာ ဆိုရင် အာဆန့်ဂျ် အတွက်ကတော့ အီကွေဒေါ သံရုံးရဲ့ ကာလရှည် ဧည့်သည်ကြီး ဖြစ်ဖို့ ပဲ ရှိတဲ့အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။