BBC navigation

လူမျိုးရေး တိုက်ခိုက်မှု မစိုးရိမ်ရန် အိန္ဒိယဝန်ကြီးချုပ် ပန်ကြား

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 16:42 GMT
အိန္ဒိယနိုင်ငံမှ အလုပ်သမားများဒေသရင်းကို ပြောင်းပြေးကြ

အိန္ဒိယနိုင်ငံမှ အလုပ်သမားများ ဒေသရင်းကို ပြောင်းပြေးကြ

အိန္ဒိယမှာ လူမျိုးရေး ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ မကြာသေးခင်ကပဲ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ဒေသခံ ဘိုဒို တိုင်းရင်းသားတွေနဲ့ ဒီဒေသံကို လာရောက်နေထိုင်တဲ့ မူဆလင် အခြေချသူတွေ အကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ လူပေါင်း ၈၀ နီးပါး သေဆုံးခဲ့ပြီး ၄ သိန်း နီးပါးဟာ ထွက်ပြေး စွန့်ခွါခဲ့ကြ ပါတယ်။

ဒီပဋိပက္ခရဲ့ အကျိုးဆက်ကို အာသံပြည်နယ် ကနေ တခြား မြို့တွေမှာ သွားရောက် အလုပ် လုပ်ကိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ရင်ဆိုင်နေရတာပါ။ လူမှုကွန်ယက် ဝက်ဆိုက်တွေ၊ နောက်ပြီး တယ်လီဖုန်း မက်ဆေ့ချ်တွေ ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို လက်တုံ့ ပြန်မယ် ဆိုပြီး ခြိမ်းခြောက် ခံနေရတဲ့ အတွက် မြို့အတော် များများမှာ နေထိုင်ကြတဲ့ ရွှေပြောင်း အလုပ်သမားတွေက အိုးအိမ် စွန့်ခွါပြီး ကိုယ့်ရဲ့ ပြည်နယ် ဒေသဆီတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

ဘင်ဂလောမြို့မှာဆိုရင် အိန္ဒိယ အရှေ့မြောက်ပိုင်းက လာတဲ့ ရွှေ့ပြောင်း အလုပ်သမား ၂ သိန်းခွဲ လောက် ရှိပါတယ်။ အများစု ကတော့ ကျောင်းသားတွေ၊ လုံခြုံရေး အစောင့် အလုပ် လုပ်ကိုင် သူတွေနဲ့ ဧည့်ကြို လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ သူတွေ များပါတယ်။ ချန်နိုင်းနဲ့ ပူနားမြို့တွေ ကနေလည်း ထွက်ပြေး လာကြတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဗုဒ္ဓဟူးနေ့ ကောလဟာလတွေ ထွက်ပြီးခဲ့တဲ့ နောက်မှာတော့ အဲဒီထဲက လူပေါင်း ၁ သောင်းခွဲလောက်ဟာ မိမိတို့ နေရပ်ကို ပြန်သွားကြတယ်လို့ ဘင်ဂလောမြို့ခံ အစိုးရ အဖွဲ့က ပြောပါ တယ်။

အခုဖြစ်ပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မက်မိုဟန်ဆင်းက တည်ငြိမ် အေးချမ်းကြဖို့ မေတ္တာရပ်ခံခဲ့ သလို ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ ဘာမဆို လုပ်ဆောင် သွားမယ်လို့ အိန္ဒိယ ပါလီမန်မှာ ပြောကြားလိုက်ပါတယ်။

အလားတူပဲ ဒေသတွင်းနဲ့ ပြည်နယ် အစိုးရတွေကလည်း လက်ရှိအခြေအနေကို သူတို့ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမယ့်အကြောင်း၊ ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေကို မပြန် ကြဖို့ တိုက်တွန်းနေပါတယ်။

အရှေ့မြောက်ပိုင်းက အိန္ဒိယနိုင်ငံသားတွေဟာ အိန္ဒိယ ရုပ်ရည် လက္ခဏာ မတူပဲ အရှေ့အာရှ သားတွေရဲ့ ရုပ်ရည် လက္ခဏာနဲ့ ပိုနီးစပ်တာကြောင့် မကြာခဏ ဆိုသလို ပစ်မှတ်ထား တိုက်ခိုက် ခံရလေ့ ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။